နန်းတင်ထွေး |
Thursday, 15 August 2013
လာမည့် လေးနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်လူမျိုးများ နေထိုင်ရာ တောင်ပေါ်
ဒေသတွင် ဘိန်းစိုက်ပျိုးမှုနှင့် အခြားမူးယစ်ဆေး ရောင်းဝယ်သုံးစွဲမှုများ လုံးဝကင်းရှင်းစေရန်
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်ဦး TNLA ၏
စစ်ဦးစီးချုပ်က မြန်မာတိုင်း(မ်) ကိုပြောသည်။
"မူးယစ်ဆေးဝါးအခန်းကဏ္ဍမှာ ထက်ထက်မြက်မြက်မလုပ်ဘူးဆိုရင် တအန်းလူမျိုး လူငယ်တွေ၊
ပညာတတ် လူငယ်တွေ မရှိသလောက်ဖြစ်သွားပြီ။ အားလုံး ဘိန်းသမားဖြစ်နေပြီ။ လူငယ်လူရွယ်
ကလေးတွေ ဘိန်းသမားဖြစ်သွားပြီဆိုရင် လူမျိုးအတွက် တကယ်စိုးရိမ်စရာ အခြေအနေဖြစ်နေပြီ"
ဟု ဒုဗိုလ်မှူးကြီး တဟိုဘလန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့နယ်၊ ဆယ်လိန်ရွာ၌
ဩဂုတ်လ ၅ ရက်နေ့က ပြောသည်။
ထို့အတွက်၂၀၁၇ ခုနှစ်တွင် တအန်းနယ်မြေ၌ ရာမဆေးပြားများအပါအ၀င် ဘိန်းဖြူဘိန်းမည်း
အားလုံးတိုက်ဖျက်မှုအား ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင့် တပ်ရင်း တပ်ဖွဲ့မှူးများမှ ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဘိန်းတိုက်ဖျက်ရေးမှာ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်နှင့် ၎င်း၏ နိုင်ငံရေး
အဖွဲ့အစည်းဖြစ်သော ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ ရည်မှန်းချက်များထဲမှ တစ်ရပ်
ဖြစ်ကာ စီမံကိန်းနယ်မြေတွင် ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ နှင့် မိုးကုတ်မြို့နယ်များပါဝင်ကြောင်း ၎င်းက
ပြောသည်။
သို့သော်လည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေး ထိုးရသေးသည့်အတွက် အစိုးရနှင့်တကွ
ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဌာန(UNODC) အပါအ၀င် အခြားမည်သည့်အဖွဲ့ အစည်း၏
အကူအညီမျှ မရရှိကြောင်းလည်း ၎င်းက ပြောသည်။
"ဌာနဆိုင်ရာရှိတဲ့ မြို့ပေါ်တွေ ကျွန်တော်တို့မပြောနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ TNLA လှုပ်ရှား
နေတဲ့ တောင်ပေါ်ဒေသ တွေ ကျွန်တော်ပြောရဲတယ်။ တအန်းနယ်မြေမှာ ကျွန်တော်တို့ အဖွဲ့တစ်ခု
တည်းနဲ့ပဲ မူးယစ်ဆေးဝါးအခန်းကဏ္ဍကို ပြတ်သားစွာနဲ့ ချေမှုန်းသွားမှာပါ"ဟု ၎င်းက ပြောသည်။
မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန် မြန်မာနိုင်ငံရှိ အခြားသော
အဖွဲ့အစည်းများ၊ အစိုးရသာမက နိုင်ငံတကာနှင့်ပါ တွဲဖက်လုပ်ဆာင်ရန် လိုအပ်သည်ကို နားလည်
ကြောင်း ဒုဗိုလ်မှူးကြီး တဟိုဘလန်က ပြောသည်။
"၂၀၁၇ မှာ ကျွန်တော်တို့ တအန်းနယ်မှာ မူးယစ်ဆေးဝါး ပပျောက်တယ်ဆိုတာကို ကမ္ဘာသိအောင်
ကြေညာနိုင်တဲ့ အဆင့်ထိ ပြုလုပ်သွားမှပါ"ဟု ၎င်းက ပြောသည်။
Credit- Myanmar Times Journal
ပလောင်ဒေသရှိ ကျေးရွာတစ်ရွာ၌ မူးယစ်ဆေးဝါး သုံးစွဲနေသူတစ်ဦးကို ယခုလအစောပိုင်းက တွေ့ရစဉ်။ အောင်ဌေးလှိုင်/မြန်မာတိုင်း(မ်)
0 comments:
Post a Comment