Wednesday, May 8, 2013

၂၀၁၀ အကြိုနှင့် အလွန် ပလောင်အမျိုးသားနိုင်ငံရေး


ဒီဇင်ဘာလ ၂၀၀၈
စကားဦး


ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ (PSLO) လက်နက်အပ်ခဲ့တဲ့ ၂၀၀၅ ခုနှစ် နောက်ပိုင်း ပလောင် အမျိုးသား လွတ်မြောက်ရေးတာဝန်ဟာ အဖွဲ့ အစည်းအဖြစ် ဆက်လက်ရပ်တည်နေတဲ့ (PSLF) ကျနော်တို့ရဲ့ပခုံးပေါ် တိုက်ရိုက် ကျရောက် လာပြီလို့ တာဝန်ခံမှု တာဝန်သိမှုများဖြင့် ပြောဆိုခံယူလာခဲ့ကြတာ သုံးနှစ်ကျော်လာပါပြီ။

သို့သော် ယနေ့အချိန်မှာဆိုရင် ၂၀၀၈ ခုနှစ် မေလ ဖွဲ့စည်းပုံ အတည်ပြုရေးလူထုဆန္ဒခံယူပွဲကနေ ၂၀၁၀ ရွေးကောက်ပွဲ အထိခြေလှမ်း လှမ်းတော့မယ့် စစ်အုပ်စုဟာ ပလောင်နိုင်ငံရေးအင်အားစု၊ ဒေသခံလူထုအင်အားစုတို့ကို သူတို့ရဲ့ လက်ကိုင် တုတ်အဖြစ် အတင်းအဓမ္မပြောင်းလဲပြင်ဆင်နေပါတယ်။ ဒီလို နိုင်ငံရေးအရဆက်တိုက်ဖိနှိပ်နေတာကို ဟန့်တားကာကွယ်နိုင်ဖို့ အတွက် ပလောင်အမျိုးသားလွတ်မြောက်ရေး တာဝန်ထမ်းဆောင်နေတဲ့ မိမိတို့က အားလုံးပါဝင်နိုင်မဲ့လုပ်ငန်းစဉ် မဟာဗျူဟာ တွေ၊ ခိုင်မာတောင့်တင်းတဲ့ စုစည်းမှုတွေ ဆွေးနွေးပြင်ဆင် ချမှတ်အကောင်အထည်ဖော်ဆောင်ဖို့ အလွန်တရာအရေးကြီး လှပါတယ်။

ဒါကြောင့် ကျနော်တို့ နယ်စပ်အခြေစိုက်ပလောင်အဖွဲ့အစည်းမှာရှိတဲ့ မျိုးချစ်စိတ်ဓါတ်ပြည့်ဝတဲ့ ပလောင်ခေါင်းဆောင်တွေ ရဲဘော် ရဲမေတွေ၊ ပြည်တွင်းပြည်ပမှာရှိတဲ့ မျိုးချစ်ပလောင်ခေါင်းဆောင်အားလုံးက ပလောင်အမျိုးသားလွတ်မြောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ် လုပ်ဆောင်အကောင်အထည်ဖော်နိုင်ဖို့အတွက် ခိုင်မာကျစ်လျစ်တဲ့ ပလောင်နိုင်ငံရေး အင်အားစုကို စုစည်းကာ ၂၀၁၀ အကြိုနှင့် အလွန် ပြင်ဆင်လုပ်ဆောင်သင့်တာတွေကို ပြင်ဆင်ချမှတ်ပြီး နအဖ စစ်အုပ်စုကို အရှိန်မြှင့်ဆန့်ကျင်တိုက်ခိုက် သွားရေးဟာ ယနေ့ကာလရဲ့ အရေးကြီးတဲ့တိုက်ပွဲစိန်ခေါ်မှု တရပ်ဖြစ်ပါတယ်။

ဒီလိုတိုက်ပွဲကို စုစည်းခိုင်မာတဲ့ ပလောင်နိုင်ငံရေးအင်အားစုမှ အခြားတိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ၊ ဒီမိုကရက်တစ်အင်အားစု တွေနဲ့ အချိတ်အဆက်မိမိပူးပေါင်းပြီး ၂၀၁၀ ရွေးကောက်ပွဲကို အပြီးပြတ် တိုက်ဖျက်ရင်း၊ နအဖ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အပြီးသတ်တိုက်ပွဲကို အရှိန်မြှင့်တိုက်ပွဲအဖြစ် အသွင်ပြောင်းတိုက်ခိုက်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီနှင့် အမျိုးသားလွတ်မြောက်ရေး အဆုံးအဖြတ်တိုက်ပွဲအတွက် စုစည်းပြင်ဆင်မှုများ၊ မဟာဗျူဟာများ ချမှတ်အကောင် အထည်ဖော်ရေးအတွက် မိမိတို့ရဲ့ လက်ရှိ အခြေအနေကို ပထမဦးစွာမှန်မှန်ကန်ကန်သုံးသပ်ပိုင်းခြားနိုင်မှသာလျှင် ပြည်တွင်းပြည်ပမှ အင်အားစုအသီးသီး စုစည်းပါဝင် လှုပ်ရှား နိုင်မဲ့ မဟာဗျူဟာ၊ နည်းဗျူဟာတွေကို ချမှတ် အရှိန်မြှင့်ဖော်ဆောင်သွားနိုင်မှာဖြစ်တယ်။


ပလောင်အမျိုးသားနိုင်ငံရေး အခြေခံ မဟာဗျူဟာ

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုပဲဖြစ်ဖြစ် ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုပဲဖြစ်ဖြစ် တော်လှန်ရေးအောင်ပွဲခံနိုင်ဖို့အတွက် အရေးကြီးတာကတော့ ဖြစ်နိုင်ချေရှိတဲ့ မိမိတို့ရဲ့ဦးတည်ချက် (Goal, mission) တွေဆီကို အရောက်သွားနိုင်ဖို့ ရှင်းလင်း မြင်သာတဲ့ အခြေခံမဟာဗျူဟာ (Grand Strategy) ရှိရပါမယ်။ ပြီးတော့အဲဒီ အခြေခံမဟာဗျူဟာ ကို အကောင်အထည် ဖော်ဖို့အတွက် နည်းဗျူဟာများ (Tactics) ကို အားလုံးစုစည်းပါဝင်နိုင်အောင်ချမှတ်နိုင်ဖို့လိုပါတယ်။ နည်းဗျူဟာတွေ မှန်မှန်ကန်ကန်ချမှတ်နိုင်ဖို့ဆိုတာ ရှင်းလင်းတိကျတဲ့ အခြေခံမဟာဗျူဟာရှိမှသာ ဖြစ်လာနိုင်တဲ့ကိစ္စပါ။

ကျနော်တို့ တော်လှန်ရေးဦးတည်ချက်က ဖြစ်နိုင်ချေရှိပြီး သိပ်ကို ရိုးရှင်းပါတယ်။
(က) ပလောင်တမျိုးသားလုံးအဖိနှိပ်ခံဘ၀မှ လွတ်မြောက်ရေး။
(ခ) အာဏာရှင်စနစ် ဖျက်သိမ်းရေး။
(ဂ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး။
(ဃ) ငြိမ်းချမ်းရေး။
(င) အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံသည့် ဒီမိုကရက်တစ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေး တို့ဖြစ်ကြပါတယ်။
ဒါကြောင့် ဒီတော်လှန်ရေးဦးတည်ချက်ကိုရရှိအောင်ပွဲခံဖို့အတွက် ကျနော်တို့ရဲ့ အခြေခံမဟာဗျူဟာ (Strategic Doctrine) ဖော်ပြချက်ဟာ အလွန်အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ အခြေခံမဟာဗျူဟာက တိုက်စစ်မဟာဗျူဟာ (Offensive Strategy) လား။ ဒါမှမဟုတ် ခံစစ်မဟာဗျူဟာ (Defensive Strategy) လား။ စေ့စပ်ညှိနှိုင်းရေးဗျူဟာ (Compromise Strategy) လား။ ပူးပေါင်းဆောင်ရွက်ရေးဗျူဟာ (Collaborative Strategy) လား။ အလျော့ပေးရေးဗျူဟာ (Capitulate Strategy) လား။ အခြားဘယ်လို မဟာဗျူဟာမျိုးလဲ။

အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့တဲ့ ၁၉၉၁ ခုနှစ်ကစပြီး ပလောင်အမျိုးသားနိုင်ငံရေးရဲ့ အခြေခံမဟာဗျူဟာကို ဆန်းစစ်ကြည့်ရင် ခံစစ် မဟာဗျူဟာ (Defensive Strategy) ဘက် အားသာနေတာကိုတွေ့ရပါမယ်။ ခံစစ်မဟာဗျူဟာ ကျင့်သုံးရတာဟာ မိမိတို့ရဲ့ လက်ရှိ အင်အားနဲ့လူထုထောက်ခံမှုအပေါ်မှာ အများကြီးမူတည်နေတယ်ဆိုတာ ငြင်းစရာမရှိပါဘူး။ ဒါပေမဲ့ ခံစစ်မဟာဗျူဟာ က အောင်ပွဲခံနိုင်ဖို့ထက် ရှိရင်းစွဲအခြေအနေကနေ ယုတ်လျော့မသွားအောင်ထိန်းထားဖို့ပဲမဟုတ်လား။ အဲဒီကနေတဆင့် အတူ ပူးပေါင်းဆောင်ရွက်ရေး၊ စေ့စပ်ဆွေးနွေးရေးဆိုတဲ့ ဗျူဟာတွေ တက်လှမ်းလာဖို့ ပြင်ဆင်မျှော်လင့်လို့ရတာပေါ့။

တကယ့် ဗျူဟာမြောက်ခံစစ်နဲ့ ပရိယာယ်ကြွယ်ကြွယ်၊ စုစည်းမှုကောင်းကောင်းနဲ့ ရန်သူကို ခံစစ်ဗျူဟာနည်းအရတိုက်မယ်ဆိုရင် ကျနော်တို့ဟာ အခြေအနေတခုကိုအောင်မြင်စွာထိန်းထားနိုင်မှာပါ။ အရေးကြီးတာကတော့ ခံစစ်ဗျူဟာကို ပိုင်နိုင်စွာ မကျင့်သုံး နိုင်ရင်တော့ သူပြုသမျှနုရမဲ့ အလျော့ပေးရေးလမ်းစဉ် ထဲကိုဝင်ရောက်သွားတတ်တာပါပဲ။ စစ်ပွဲတပွဲကို အနိုင်ရရှိဖို့ဆိုတာ ဗျူဟာ တခုတည်းကိုပဲ ဆုပ်ကိုင်ထားတာထက် အခြားနည်းဗျူဟာတွေ၊ လိုအပ်မယ်ဆိုရင် အခြားမဟာဗျူဟာတခုကိုပါ ဆက်စပ်ပူးတွဲ ဖော်ဆောင်ကြရတာပါ။ ဆိုတော့ ကျနော်တို့အပစ်အခတ်ရပ်စဲရေး ပျက်မှာကြောက်တာနဲ့ ခံစစ်ဗျူဟာကိုပဲဖက်တွယ်နေပြီး ဘယ်နှစ်ခါ မှ တိုက်စစ်ဖက်ကိုခြေလှမ်းမလှမ်းခဲ့ဘူး။ သွေးတိုးစမ်းတဲ့တိုက်စစ်မျိုးကိုတောင်မလုပ်ဝံ့ပဲ အာဏာရှင်တွေစိတ်ခုမှာကို စိုးရွှံ့ခဲ့ကြတယ်။

ကျနော်တို့ဟာ ဘက်ပေါင်းစုံဖိအားနဲ့ နယ်မြေအထီးကျန်မှု (Territory Isolated) တွေကြောင့် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့ ရတယ်။ အပစ်ခတ်ရပ်စဲရေးကနေတဆင့် အမျိုးသားလွတ်မြောက်ရေး၊ နယ်မြေဆက်လက်ထိန်းသိမ်းစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး စသဖြင့် ပြုလုပ်နိုင်တာကြောင့် ရပ်တည်ချက်အမှန်ကိုဆက်လျှောက်ရင် ကျနော်တို့ရဲ့ မဟာဗျူဟာကြီး ဟာ အချိန်အခါ လိုအပ်ချက်နဲ့ကိုက်ညီတယ်လို့ ယူဆကောင်းယူဆနိုင်ပါတယ်။ ကျနော်တို့ရဲ့ အပစ်အခတ်ရပ်စဲရေးကာလ အတိုင်းအတာ တခုကိုသုံးသပ်ကြည့်ရင် (PSLA) အနေနဲ့ အားရစရာကောင်းတဲ့အချက်အလက်တွေ မြောက်များစွာပြုလုပ်ခဲ့တယ်ဆိုတာ တွေ့နိုင်ပါတယ်။



အပစ်အခတ်ရပ်စဲရေးကာလမှာ …
- (PSLA) ကို လူမျိုးကိုကိုယ်စားပြုမဲ့တပ်ဦးအဖွဲ့အစည်းအဖြစ် ပိုပြီးခိုင်မာတိုးတက်စနစ်ကျ ကျစ်လျစ်အောင် ဖွဲ့စည်းနိုင်ခဲ့တယ်။
- လူထုစည်းရုံးရေးလုပ်ငန်းတွေ၊ ဒေသအုပ်ချုပ်ခွင့်တွေ၊ ဒေသဖွံ့ဖြိုးရေးတွေ စနစ်တကျ လုပ်ဆောင်ခွင့်ရှိခဲ့တယ်။
- ပြီးတော့ နအဖ ရဲ့အမျိုးသားညီလာခံကို တက်ရောက်ပြီး ပလောင်လူမျိုးအတွက် ရသင့်ရထိုက် ဖြစ်သင့်ဖြစ်ထိုက်တာတွေ တင်ပြ တောင်းဆိုခဲ့ကြတယ်။ (နိုင်ငံရေးကိစ္စကို အမျိုးသားညီလာခံ မှာဆွေးနွေးလို ဆိုတာကိုး)
ဒီလိုလုပ်ဆောင်နိုင်ခဲ့တဲ့အချက်တွေကို ကြည့်မယ်ဆိုရင် (PSLA) ရဲ့ မဟာဗျူဟာ အရ ပလောင်အမျိုးသားနိုင်ငံရေးကို ဆက်လက်ထိန်းထားနိုင်တာပေါ့။

သို့သော် အပစ်အခတ်ရပ်စဲရေးဆိုတာ လိုချင်တာဖြစ်သင့်တာတွေမဖော်ဆောင်နိုင်ရင်၊ တဖက်ဖက်က တဖက်သတ်ဖိအားတွေ ပြုနေရင် သို့တည်းမဟုတ် အခြားမမြင်နိုင်တဲ့အကျိုးစီးပွားနဲ့အကြောင်းအရာတွေကြောင့် နှစ်ဦးသဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးဟာ အချိန်မရွေးပျက်သွားနိုင်ပါတယ်။ နိုင်ငံတနိုင်ငံအတွင်းက လက်နက်ကိုင်တွေကြားမှာ ရာသက်ပန် အပစ်အခတ်ရပ်စဲရေး ဆိုတာမရှိပါဘူး။ ပျက်သွားမယ်၊ ဒါမှမဟုတ် နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွေတိုးလာလို့ အတူပူးတွဲကြမယ် အစရှိသဖြင့်ပေါ့၊ အပစ်အခတ်ရပ်စဲရေးဆိုတာ ထိလွယ်ရှလွယ်တဲ့အရာတခုဖြစ်ပြီး အဲဒီအပစ်အခတ်ရပ်စဲရေးကို သာယာပြီး ကြိုတင်ပြင်ဆင်မှုတွေမလုပ်ခဲ့ရင်တော့ မမျှော်လင့် တဲ့အရာတွေနဲ့ရင်ဆိုင်ရမှာပါ။ ဒီတော့ ပျက်သွားမဲ့ အပစ်အခတ်ရပ်စဲရေး အတွက် ကြိုတင်ပြင်ဆင်မှုတွေက ဘာတွေလဲ။ အင်အား ခြင်း မျှမယ်၊ စုစည်းမှုရှိပြီး ပရိယာယ်ကြွယ်တဲ့ခံစစ်ဗျူဟာမျိုးဆိုရင်တော့ အရှိန်ကောင်းတဲ့ နှစ်ဖက်အားပြိုင်မှုတွေဖြစ်လာနိုင်တာပေါ့။

အဲဒီလိုမှ မဟုတ်ပဲ လျော့ရဲရဲခံစစ်ဗျူဟာမျိုးချမှတ်ပြီး ကိုယ့်အခြေခံလူထုနဲ့ကင်းကွာနေမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေး ပျက်တာနဲ့ တဖက်ရန်သူစေစားရာကို မလိုက်လျောချင်လည်း ခေါင်းညိတ်ဖို့ပြင်ရတော့မှာပါပဲ။
ဒီတော့ အပစ်အခတ်ရပ်စဲရေးကာလမှာ ကျနော်တို့ အဓိကအားနည်းချက်ဘာတွေရှိခဲ့သလဲ။ ဘာတွေ မှားယွင်းခဲ့လဲ။
အပစ်အခတ်ရပ်စဲရေးကာလမှာ…
- ပလောင်လူထုတရပ်လုံးရဲ့ထောက်ခံမှုရအောင် မစွမ်းဆောင်နိုင်ခဲ့တာ၊ စည်းရုံးရေးအားနည်းခဲ့တာ
- စုစည်းညီညွတ်တဲ့ စုပေါင်းခေါင်းဆောင်မှု မတည်ဆောက်နိုင်ခဲ့တာ
- အပစ်အခတ်ရပ်စဲရေးပျက်ရင် အခြေကုတ်စုစည်းလှုပ်ရှားနိုင်မဲ့ အခြေအနေနဲ့နေရာတွေ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့တာ
- အဖွဲ့အစည်းတခုလုံး အကျိုးစီးပွားတိုးတက်ရေးထက် ကိုယ်ပိုင်အကျိုးစီးပွားကို ပိုပြီးဦးစားပေးလုပ်တဲ့ တပ်မှူးခေါင်းဆောင် အရေအတွက် ပိုများနေတာ
- အဖွဲ့အစည်းရဲ့ ရပ်တည်ချက်သဘောထားအမှန်ကို အချိန်အခါလိုအပ်ချက်အရ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာခြင်း မပြုရဲတာ
- အပစ်ခတ်ရပ်စဲရေးအပေါ် သာယာယစ်မှုးမှုတွေများခဲ့မိတာ
- နိုင်ငံတကာ အစိုးရတွေနဲ့ သံတမန်ဆက်ဆံရေး အားနည်းခဲ့တာ
- တော်လှန်ရေးကိုတဘက်လှည့်တာဝန်ထမ်းဆောင်နိုင်မဲ့ (PSLF) ကို ထိထိရောက်ရောက် ပံ့ပိုးတည်ဆောက်မှု မပြုနိုင်ခဲ့တာ
- အဖွဲ့အစည်းကို ဆက်လက်ဦးဆောင်လှုပ်ရှားမဲ့ အနာဂတ်မျိုးဆက်သစ်တွေ စနစ်တကျ မမွေးထုတ်နိုင်ခဲ့တာ
အစရှိတာတွေကြောင့် ၂၀၀၅ ခုနှစ်မှာ မျိုးချစ်ခေါင်းဆောင်တွေ၊ ရဲဘော်ရဲမေတွေ၊ ပြည်သူတွေရဲ့ သွေးချွေးနဲ့ နှစ်ပေါင်း ၄၀ ကျော်ကြာ တည်ဆောက်ခဲ့တဲ့ တော်လှန်ရေးလက်နက်တွေကို ရန်သူစစ်အုပ်စုဆီ အပြီးအပိုင်အပ်နှံခဲ့ရတယ် မဟုတ်လား။

အလျော့ပေးရေးဗျူဟာ (Capitulate Strategy) မှာ ရှေ့တလှမ်းတိုးဖို့ နောက်တစ်လှမ်း နှစ်လှမ်းဆုတ်ကြတယ် ဆိုတဲ့အတိုင်း ဗျူဟာပြောင်းပြီး လက်နက်တွေအပ်တဲ့ အဆုံးစွန်အလျော့ပေးမှုနောက်ပိုင်း၊ ကျနော်တို့ ရှေ့ကိုဘယ်လိုခြေလှမ်းထပ်တိုးကြမလဲ။ ခံစစ်နဲ့ အလျော့ပေးရေးဗျူဟာတွေပြီးရင် နောက်ထပ် အမျိုးသားလွတ်မြောက်ရေးအတွက် ဘယ်လိုဗျူဟာတွေနဲ့ ထပ် အသက်ဆက်ကြ မလဲ။ ရှေ့ကို ခြေလှမ်း နှစ်လှမ်း သုံးလှမ်းတိုးဖို့ ဘာဗျူဟာတွေရှိလဲ။

လက်နက်အပ်ပြီးတဲ့နောက်ပိုင်းမှာ …
- (PSLA) ဆိုတဲ့အမည်နာမဟာ သမိုင်းမှာပဲကျန်နေခဲ့သလိုလိုဖြစ်ပြီး၊ ပလောင်တိုင်းရင်းသားအဖွဲ့ဆိုတာဖြစ်လာတယ်၊
- လျော့ရဲရဲ ပလောင်ပြည်သူ့စစ်အဖွဲ့ ဆိုတာဖြစ်လာတယ်၊
- နိုင်ငံရေးခေါင်းဆောင်မှု၊ နိုင်ငံရေးရပ်တည်မှု ပိုပြီး ဝေေ၀၀ါးဝါး ဖြစ်လာတယ်၊
- လူထုစည်းရုံးရေးဆိုတာ ဘာလဲလို့ မေးခွန်းထုတ်ရင် အဖြေရခက်လာတယ်၊
- ဖိအားတွေကြားကနေ လုပ်ပိုင်ခွင့်အားနည်းတဲ့ပလောင်နိုင်ငံရေးပါတီဖွဲ့ဖို့ နှပ်ကြောင်းအတင်းပေးခံနေရတယ်၊
အကောင်းနဲနဲ… အဆိုးများများ… နှစ်လေးဆယ်ကျော်ကြာ အသက်သွေးချွေးရင်းနှီးမြှပ်နှံထားတဲ့ ပလောင်အမျိုးသားလွတ်မြောက် ရေးတိုက်ပွဲဟာ ကျနော်တို့ရဲ့ခေါင်းဆောင်မှု ကျနော်တို့ရဲ့ မဟာဗျူဟာမှာ အောင်မြင်မှုမရပဲ နိဋ္ဌိတံ အဆုံးသတ်ရတော့မလား။

အဲဒီလိုမဖြစ်အောင် ဘာတွေရင်းနှီးပြီး ဘယ်လို မဟာဗျူဟာတွေချကြမလဲ …
ကျနော်တို့ကိုယ်တိုင်အပြောင်းအလဲတွေ ဦးဆောင်မှုပေးပြီး မလုပ်နိုင်ရင်တောင် သူများတွေလုပ်လို့ပြောင်းလဲလာမဲ့ နိုင်ငံရေး အလှည့်အပြောင်းကာလထိ ကျနော်တို့အဖွဲ့အစည်းရပ်တည်နိုင်အောင် ဘာတွေဆက်လုပ်ကြမလဲ။
သေချာတာကတော့ အမျိုးသားလွတ်မြောက်ရေးအဖွဲ့အစည်းတခု ပျက်စီးနိဂုံးချုပ်ဖို့ဆိုတာ အဲဒီအဖွဲ့အစည်း ထဲမှာပါဝင်နေတဲ့ သူတွေ ကိုယ်တိုင် ဖျက်ဆီးအဆုံးသတ်မှ တကယ်ပျက်ရတာပါ။ ရန်သူစစ်အုပ်စုက ဘယ်လိုကလိန်ကကျစ်လမ်းစဉ်နဲ့ ဖျက်ဖျက် မပျက်ပါဘူး။

ဒါပေမဲ့(PSLA) မှာ အများသိအောင်မဖော်ပြနိုင်တဲ့ ခေါင်းဆောင်တွင်း ထိပ်သီးလျှို့ဝှက်စီမံကိန်း/ကြိုတင်ပြင်ဆင်မှုတွေရှိမယ်ဆိုရင် တော့ တော်လှန်ရေးအနာဂတ်အတွက် အားရစရာပေါ့။ ဒါပေမဲ့ဘယ်အချိန်ထိ လျှို့ဝှက်ကြမလဲ။
ပလောင်နိုင်ငံရေးမဟာဗျူဟာတွေကို လေ့လာဆန်းစစ်တဲ့အခါ မေ့ကျန်လို့မရတာက (PSLF) ပါ။ အပစ်အခတ်ရပ်စဲလုပ်ပြီးနောက် ပိုင်း အဖွဲ့အစည်းကိုယ်စား အလံတော်ကိုဆက်လက်လွှင့်ထူဖို့ ဖွဲ့စည်းခဲ့တယ်။ မျိုးစေ့မှန်ပေမဲ့ ပြုစုပျိုးထောင်မှုအားနည်းလို့ အပင်မသန်နိုင်သေးတဲ့တပ်ဦးမှာ ကောင်းကွက်တွေမြောက်များစွာရှိသလို ဆိုးကွက်အားနည်းချက်တွေကလည်း ဗရပွနဲ့ပါ။
တပ်ဦး ဘာတွေလုပ်ခဲ့သလဲ …
- ပလောင်နိုင်ငံရေးကို နိုင်ငံတကာနဲ့ဆက်သွယ်ပေးနိုင်တဲ့ တံတားတစင်း
- ပလောင်နိုင်ငံရေးကို အခြားတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့ ဆက်စပ်ပေးနိုင်တဲ့ ဆုံချက်တခု
- လူငယ်၊ အမျိုးသမီးတွေ နိုင်ငံရေးမှာတက်ကြွပါဝင်လာအောင် ရှေ့ဆောင်ဦးရွက်ပြုခဲ့တယ်
- ပြည်တွင်းပလောင်အမာခံတော်လှန်ရေးသမားတွေအတွက် မျှော်လင့်ချက်ရောင်ခြည် ဖြစ်နေတယ်
- ရှိတဲ့အား၊ တတ်သိတဲ့ပညာနဲ့ အမျိုးသားတော်လှန်ရေးအလံကို ဆက်လက်လွှင့်ထူနေဆဲ
သို့သော် …
- စုစည်းညီညွတ်တဲ့ စုပေါင်းခေါင်းဆောင်မှု ယနေ့အထိ မတည်ဆောက်နိုင်သေးတာ
- တိကျရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်း လုပ်ငန်းပေါ်လစီ မချမှတ်နိုင်သေးတာ
- အဆက်ဆက် လက်ဆင့်ကမ်း ခေါင်းဆောင်မှုအားနည်းပြီး လူသားအရင်းအမြစ်မထိန်းနိုင်ခဲ့တာ
- တော်လှန်ရေးတိုက်စစ်ချဲ့ထွင်ဖွင့်လှစ်ဖို့ ရံပုံငွေ၊ လူသားအရင်းအမြစ် အတော်လေးကိုအားနည်းနေတာ
- တော်လှန်ရေးအောင်ပွဲခံနိုင်မဲ့ မဟာဗျူဟာ နည်းဗျူဟာတွေ ခိုင်ခိုင်မာမာမချမှတ်နိုင်သေးတာ
ဆိုတော့ ဒီထက်ပိုများမဲ့ အားသာချက်အားနည်းချက်တွေကြားမှာ တပ်ဦးရဲ့ မဟာဗျူဟာကလည်း တော်လှန်ရေးအလံကို ဆက်လွှင့်ထူထားနိုင်ဖို့ ခံစစ်သက်သက်ပါပဲ။ စုစည်းညီညွတ်ပြီး ပရိယာယ်ကြွယ်တဲ့ ခံစစ်ဗျူဟာဖြစ်ဖို့ကတော့ အကန့်အသတ် တွေများစွာကြားက လှုပ်ရှားရှင်သန်လာကြရတယ် ဆိုတာကို နာနာလေးအပြစ်ဖို့ရတော့မှာပေါ့။ တပ်ဦး က မိဘအရင်းဖြစ်တဲ့ (PSLA) ရဲ့ မူပေါ်လစီ ကိုပဲ ဆက်အကောင်အထည်ဖော်နေရတာ မဟုတ်လား။ ၂၀၀၅ နောက်ပိုင်း မိဘမဲ့သလိုဖြစ်သွားတဲ့ တပ်ဦး။ ဘယ်လို ပေါ်လစီ ဗျူဟာအခင်းအကျင်းနဲ့ ဦးဆောင်မလဲ၊ လူငယ်နဲ့ အမျိုးသမီးအားကို ဘယ်လိုရယူနိုင်မလဲ၊ မေးခွန်းထုတ်စရာ မြောက်များစွာပါ။



ကျနော်တို့ဘက်က ဦးတည်ချက်ကိုရောက်ဖို့ မဟာဗျူဟာတွေ နည်းဗျူဟာတွေ မချမှတ်နိုင်သေးခင်မှာပဲ မဖော်ဆောင် နိုင်သေးခင်မှာပဲ ရန်သူ နအဖ စစ်အုပ်စုရဲ့ ဗျူဟာကတော့ တုံးတိတိနဲ့တကယ်ကိုရှင်းပါတယ်။ နအဖ ရဲ့ (Strategic Doctrine) မဟာဗျူဟာက အတိုက်အခံအင်အားစုအားလုံး အမြစ်ပြတ်ချေမှုန်းရေးဆိုတဲ့ တိုက်စစ် မဟာဗျူဟာ Offensive Strategy တနည်းအားဖြင့် အလုံးစုံအမြစ်ပြတ်ချေမှုန်းရေး Containment strategic doctrine ပါ။ စိတ်ကြိုက်အရပ်သားအစိုးရ တရပ်ဖော်နိုင်ဖို့ လမ်းပြမြေပုံ ၇ ဆင့်ကို အပြီးသတ်အကောင်အထည်ဖော်မယ်။ ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် သူတို့စိတ်ကြိုက်ဖွဲ့စည်းပုံနဲ့ သူတို့အတ္တအကျိုးစီးပွားကို ကာကွယ်နိုင်မဲ့ အရပ်သားအစိုးရပေါ်ပေါက်လာဖို့ ဘယ်သူ့ကိုပဲ ဖမ်းချုပ်ရ ချုပ်ရ။ ဘာပဲလုပ်ရလုပ်ရ…
အကြမ်း… အနု…နောက်ဘာရှိသေးလဲ … အကုန်သုတ်မှာပါပဲ …

ဆိုတော့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲကို အပြတ်ဖျက်မလား… လက်ခံဝင်ပြိုင်မလား…


၂၀၁၀ အလွန် ပလောင်အမျိုးသားနိုင်ငံရေး အခြေအနေ အပြုသဘောဖြစ်နိုင်ချေ ကောင်းကျိုးများ

အကယ်၍ နအဖ စစ်အုပ်စုက ခင်းကျင်းထားတဲ့အတိုင်း ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို မျက်စိပိတ်နားပိတ်ကျင်းပခဲ့ပြီ ဆိုပါတော့ ကျနော်တို့ ပလောင်လူမျိုးတွေရဲ့ အနာဂတ်နိုင်ငံရေးက ဘာတွေဖြစ်လာနိုင်မလဲ။ ကျနော်တို့ရဲ့ (PSLA) ခေါင်းဆောင် တွေ နိုင်ငံရေး ပါတီဖွဲ့ပြီးဝင်ပြိုင်မယ်ဆိုရင် နောက်ဆက်တွဲအကျိုးရလာဒ်ကဘာတွေလဲ။ ပါတီမဖွဲ့ပဲနေခဲ့မယ်ဆိုရင်ကော နောက်ဆက်တွဲအကျိုး ရလာဒ်က ဘာတွေလဲ။

အပြုသဘောနောက်ဆက်တွဲအကျိုးရလာဒ်တွေ မျှော်ကြည့်ရရင်တော့…
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆိုတာဖြစ်လာလိမ့်မယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲပြီးပေါ်ခဲ့တဲ့ ပလောင်အထူးဒေသ (၇) နဲ့ ဘယ်လိုကွာမလဲဆိုတာတော့ စောင့်ကြည့်ရုံပေါ့။ နအဖ ပေးတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုတော့ ဆွမ်းဆန်ထဲကြွက်ချေး ရောထား သလိုနေမှာပါပဲ။ အဆင့်ဆင့်အုပ်ချုပ်မှုတိုင်းမှာ နအဖ စစ်ဗိုလ်ကိုယ်စားလှယ်တွေပါပြီး စစ်အုပ်စုချမှတ်တဲ့အတိုင်းပဲ အကောင်အထည်ဖော်ရ မှာဆိုတော့ ပထွေးကိုမှီခိုပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုအကောင်အထည်ဖော်ကြရမှာပါ။

(PSLA) ခေါင်းဆောင်တွေ လူထုအကျိုးပြုလုပ်ငန်း တရားဝင်လုပ်ခွင့်ရလာနိုင်ပါတယ်၊ နိုင်ငံရေးပါတီဖွဲ့စည်းတာပဲဖြစ်ဖြစ် မဖွဲ့ရင် ဖြစ်ဖြစ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်မှာ အနည်းဆုံး သုံးပုံတပုံတော့ ပါဝင်လာနိုင်မယ်မဟုတ်လား။ နအဖ လုပ်သမျှ ခေါင်းညိတ်ပေးနိုင်ရင် ကိုယ့်ပလောင်ပြည်သူဖွံ့ဖြိုးရေးကို လက်တွေ့ကျကျ စလုပ်လို့ရပြီပေါ့။ အဆိုးထဲကအကောင်း ကျန်နေ သေးတယ် ဆိုသလိုပေါ့ မဟုတ်လား။ ဒါပေမဲ့ အပစ်အခတ်ရပ်ကာလတုန်းက ပလောင်ဒေသကို ပလောင် ခေါင်းဆောင်တွေ ပဲအုပ်ချုပ်တာတောင် မျှော်မှန်းသလိုလုပ်နိုင်ခဲ့သလား၊ အခု နအဖ စစ်အုပ်စုတိုက်ရိုက်ပါမဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးမှာဆိုရင်တော့ မေးစရာမေးခွန်းများစွာပါ။ ပြီးတော့ ဖွဲ့စည်းပုံအရကော စစ်အုပ်စုပြောထားတာရော တခုစဉ်းစားစရာက နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေဟာ နိုင်ငံခြားအမှီအခိုကင်းရမယ် အပြန်အလှန် ဆက်ဆံကူညီရေးမပြုရဘူးဆိုတော့ ကျနော်တို့အဖွဲ့အစည်း လုပ်ရမဲ့ ဒေသဖွံ့ဖြိုးရေးကိစ္စအ၀၀ဟာ နအဖ စစ်အုပ်စု အပေါ်မှာ ပဲ အားထားမှီခိုရလိမ့်မယ်ဆိုတာပါပဲ။

လိမ္မာပါးနပ်ရင်တော့ ပလောင်ပြည်သူတွေကို အခြားနည်းလမ်းနဲ့စည်းရုံးလို့ရတဲ့ လူထုစည်းရုံးရေးတွေ လုပ်လာနိုင်မယ်ထင် ပါတယ်။ ပြီးတော့ အပြုသဘောဆောင်တဲ့အရာ အခြားထပ်ရှိနိုင်ပါသေးတယ် …


၂၀၁၀ အလွန် ပလောင်အမျိုးသားနိုင်ငံရေး အခြေအနေ ဖြစ်နိုင်ချေ ဆိုးကျိုးများ

နအဖ စစ်အုပ်စု ၂၀၁၀ အထွေထွေရွေးကောက်ပွဲကျင်းပပြီး၊ စစ်အုပ်စုရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ စိတ်ကြိုက်အရပ်သား အစိုးရဖော်မဲ့ နိုင်ငံရေးအလှည့်အပြောင်းမှာ မလိုက်ပါနိုင်သူ ဟန့်တားသူအတိုက်အခံမှန်သမျှကို နလန်မထူနိုင်အောင်နှစ်ရှည် ထောင်ချမယ်၊ ရပ်တည်လို့မရအောင် အမြစ်ဖြုတ်ရေး ဆက်တိုက်လုပ်နေပါပြီ။ အပစ်ခတ်ရပ်တိုင်းရင်းသားအဖွဲ့တွေကိုလည်း ရွေးကောက်ပွဲမတိုင်မှီ လက်နက်အတင်းမအပ်ခိုင်းပေမဲ့ ရွေးကောက်ပွဲ ပြီးတာနဲ့ သူတို့ကို ကာကွယ်မဲ့တဖက်လှည့် အရပ်သား အစိုးရ ဖွဲ့စည်းပြီးရင် လက်နက်ကိုင်တပ်ဖွဲ့တွေကို လက်နက်လာမအပ်ရင် မတရားအသင်းကြေငြာပြီး အပြတ်ရှင်းမယ်လို့ သတင်းစုံထွက်လာနေပါပြီ။ ဘယ်သူတွေ ဘာပြောပြော နအဖ စစ်အုပ်စုကတော့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ကိုကော အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အားလုံးကိုပါ အပြတ်ရှင်းလင်းပြီး သူတို့အကျိုးစီးပွားကို အခိုင်အမာကာကွယ်မယ်ဆိုတာ ရှင်းလင်းထင်ရှားနေပါတယ်။

ကျနော်တို့ ပလောင်အမျိုးသားသွေးစည်းညီညွတ်ရေးပျက်ပြားမှု အဆုံးစွန်ကို ပိုမိုရောက်ရှိသွားနိုင်ပါတယ်။ နအဖ စစ်အုပ်စုခိုင်းတဲ့ အတိုင်း တဖက်သတ်ဆောင်ရွက်တတ်တဲ့ ကြံ့ဖွံ့အဖွဲ့ဝင်ပလောင်ခေါင်းဆောင်တွေ၊ နအဖ မြှောက်ပင့်ဖွဲ့စည်းပေးတဲ့ ပြည်သူ့စစ်အဖွဲ့တွေ၊ နအဖ ရဲ့ဌာနအသီးသီးမှာတာဝန်ထမ်းဆောင်နေကြတဲ့ အချို့သောပလောင်ဝန်ထမ်းတွေ၊ စစ်အုပ်စုနဲ့ ဆက်ဆံရေးပြေလည်တဲ့ (PSLA) ခေါင်းဆောင်အချို့ အစရှိသူတွေနဲ့ ပလောင်မျိုးချစ်ခေါင်းဆောင်အပါအ၀င် ပြည်သူတရပ်လုံး၊ နောက်ပြီး တကယ်ပဲ ပလောင်အကျိုးကို ရှေးရှုလုပ်ဆောင်နေတဲ့ (PSLA) ခေါင်းဆောင်တွေ တော်လှန်ရေး ဆက်လုပ်နေတဲ့ ကျနော်တို့တတွေနဲ့ အကြားမှာ သဘောထားကွဲလွှဲမှုတွေ ပိုမိုကြီးမားလာမှာဖြစ်တယ်။ အဲဒီလိုဖြစ်အောင်လည်း နအဖ စစ်အုပ်စုက စနစ်တကျဖန်တီးပါလိမ့်မယ်။

ပလောင်အကျိုးကို ရှေးရှုလုပ်ဆောင်နေတဲ့ (PSLA) ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးဆက်လုပ်နေတဲ့ကျနော်တို့တတွေဟာ လူထု အကျိုးပြုလုပ်ငန်း၊ အဖွဲ့အစည်းဖွံ့ဖြိုးရေးလုပ်ငန်းတွေကို တဖက်သတ်အကန့်အသတ်များတဲ့ကြားကလုပ်ရမှာဆိုတော့ လူထုထောက်ခံမှု ရအောင်အတော်ကိုကြိုးစားရမှာဖြစ်တယ်။ တပြိုင်နက်တည်းမှာပဲ နအဖ စစ်အုပ်စုက သွေးခွဲဖို့ နည်းပရိယာယ် အမျိုးမျိုးနဲ့ သူခိုင်းတဲ့အတိုင်းလုပ်တဲ့ ကြံ့ဖွံ့နဲ့ပြည်သူ့စစ်အဖွဲ့တွေကို လုပ်ပိုင်ခွင့်နဲ့ ထောက်ပံ့မှုတွေ သာသာထိုးထိုးပေးပြီး ပလောင်ပြည်သူတွေကို သူတို့အုပ်ချုပ်မှုစနစ်အပေါ်ထောက်ခံလာအောင် ပိုလုပ်ပြလာပါလိမ့်မယ်။

ကျနော်တို့ဖက်ကသာ မဟာဗျူဟာတွေ ရှင်းရှင်းလင်းလင်းတိတိကျကျနဲ့ မလုပ်နိုင်ဘူးဆိုရင်တော့ ပလောင်လူမျိုးတိုးတက်ရေး ကို အမှန်တကယ်လုပ်ဆောင်မယ့် အဖွဲ့အစည်းတွေရဲ့အနာဂတ်ဟာ တဖြေးဖြေးတိမ်ကောသွားနိုင်ပါတယ်။ တကယ်ကို လွတ်လပ်ပြီး ပလောင်လူထုအကျိုးပြုမဲ့ အဖွဲ့အစည်းတွေ လွတ်လွတ်လပ်လပ်ရှင်သန်ခွင့်ရနိုင်မှာမဟုတ်ပဲ စစ်အုပ်စု စိတ်ကြိုက် ဖွဲ့စည်းထားတဲ့ အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးခံကြရမှာဖြစ်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဖိနှိပ်တဲ့ တရားမျှတမှုမရှိတဲ့ ဥပဒေတွေကိုအသုံးပြုပြီး ၂၀၁၀ ရွေးကောက်ပွဲကထွက်လာမဲ့အစိုးရက ပြည်သူလူထုတွေကို နည်းအမျိုးမျိုးနဲ့ ဆက်လက်ချုပ်ချယ်ဖိနှိပ်မှာဖြစ်ပါတယ်။

မတရားတဲ့စစ်အုပ်ချုပ်ရေးအောက်မှာ ကျနော်တို့ ပလောင်ပြည်သူတွေရဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စာပေ ယဉ်ကျေးမှု၊ လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့နေထိုင်မှုအဆင့်အတန်းတွေဟာ အခြားဒေသနဲ့နှိုင်းယှဉ်ရင် အဖက်ဖက်က နိမ့်ကျဆိုးရွား နေတာတွေ ပြုပြင်ပြောင်းလဲခွင့်ရနိုင်မှာမဟုတ်ပဲ ပိတ်ပင်တားဆီးမှုတွေကြားမှာ အခြေအနေတွေ ပိုမိုဆိုးရွားလာနိုင်ပါတယ်။

ဒီတော့ ကျနော်တို့ရဲ့ (PSLA) ခေါင်းဆောင်တွေ နိုင်ငံရေးပါတီဖွဲ့ပြီးဝင်ပြိုင်မယ်ဆိုရင် နောက်ဆက်တွဲဆိုးကျိုးက ဘာတွေလဲ
ပါတီမဖွဲ့ပဲ နေခဲ့မယ်ဆိုရင်ကော နောက်ဆက်တွဲဆိုးကျိုးရလာဒ်က ဘာတွေလဲ။ အားလုံးခန့်မှန်းကြည့်နိုင်မှာပါ။


၂၀၁၀ အကြို ပလောင်အမျိုးသားနိုင်ငံရေးပြင်ဆင်မှု

အာဏာတည်မြဲဖို့၊ စစ်အုပ်စုရဲ့အကျိုးစီးပွားကိုကာကွယ်ဖို့အတွက် အမျိုးသားညီလာခံ၊ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ ဖွဲ့စည်းပုံ ဥပဒေအတည်ပြုရေး လူထုဆန္ဒခံယူပွဲ၊ အဲဒီကမှတဆင့် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး နအဖ စိတ်ကြိုက် အရပ်သားအစိုးရ ဖွဲ့စည်းဖို့ ခေတ်မှီစည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံဖော်ဆောင်ဖို့ စစ်အုပ်စုကတဖက်သတ်ပြင်ဆင် အကောင်အထည်ဖော်နေပါတယ်။ အဲဒီလိုသာ နအဖ စစ်အုပ်စုကသာ အောင်အောင်မြင်မြင်အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကျနော်တို့ ပြည်သူလူထုတရပ်လုံးဟာ နင်းပြားဘ၀ကနေရုန်းမထွက်နိုင်ပဲ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာကို အာဏာရှင်တွေကတာ စိတ်ကြိုက် စိုးမိုးချယ်လှယ်အမြတ်ထုတ်ကြမှာဖြစ်ပါတယ်။

ဒီတော့ စစ်အုပ်စုရဲ့ လမ်းပြမြေပုံလုပ်ငန်းစဉ်တွေရပ်တန့်သွားဖို့ ပျက်ပြားသွားဖို့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုဖြစ် လာအောင် ကျနော်တို့ ဘယ်လိုပြင်ဆင်လှုပ်ရှားကြမလဲ။ ဘယ်လိုအကောင်အထည်ဖော်ကြမလဲ။

ကျနော်တို့နှစ်ပေါင်းများစွာဖြတ်သန်းခဲ့တဲ့တော်လှန်ရေး မဟာဗျူဟာပြင်ဆင်ဆောင်ရွက်မှုတွေဟာ တင်ပြပြီးခဲ့သလို အခြေခံအားဖြင့် ခံစစ်ဗျူဟာ၊ ချောမြူရေးဗျူဟာ၊ ပူးပေါင်းဆာင်ရွက်ရေးဗျူဟာတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့ တိုက်စစ် တနည်းအား ဖြစ် အလုံးစုံချေမှုန်းရေး ဗျူဟာကျင့်သုံးနေတဲ့ စစ်အုပ်စုကိုရင်ဆိုင်ရတဲ့ ကျနော်တို့ဟာ တော်လှန်ရေးအသီးအပွင့်ကို ရရှိဖို့ အင်မတန်မှခက်ခဲပါတယ်။

ခုအချိန်မှာ ကျနော်တို့တော်လှန်ရေးအင်အားစုရဲ့ပကတိလက်ရှိအခြေအနေ၊ နအဖ စစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဝါဒီ တွေကို အားလုံးကောင်းကောင်းလေးနဲ့ မှန်မှန်ကန်ကန်သုံးသပ်ပြီးရင်တော့ ကျနော်တို့ဟာ ခံစစ်ဗျူဟာ၊ ချောမြူရေး၊ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုဗျူဟာတွေ၊ နည်းဗျူဟာတွေဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ၊ အကြမ်းမဖက်ရေး ဆိုတဲ့ မဟာဗျူဟာ တွေကိုပဲ ကျင့်သုံးယုံနဲ့ မလုံလောက်တော့ဘူးဆိုတာထင်ရှားနေပါပြီ။

ကျနော်တို့ တိုက်ပွဲအရှိန်ကိုထပ်မြှင့်တင်ဖို့ စနစ်ကျတဲ့ တိုက်စစ်ဗျူဟာတွေ၊ ရန်သူအပေါ်လက်ဦးမှုရယူနိုင်တဲ့ဗျူဟာတွေ တဆက်တည်း ညီညီညွတ်ညွတ်ကျင့်သုံးဖို့လိုနေပါပြီ။ စစ်ရေးတိုက်ခိုက်မှုတွေ၊ နအဖ စစ်အုပ်စုရဲ့ဒေါက်တိုင်တွေကို အားနည်းပျက်ဆီးသွားအောင် ဖျက်ဆီးမဲ့စီမံကိန်တွေ၊ နအဖ စစ်အုပ်စု အင်အားတောင့်တင်းအောင်ပံ့ပိုးပေးနေတဲ့ စီးပွားရေး အဆောက်အအုံတွေကိုရပ်တန့် ပျက်စီးစေမဲ့စီမံကိန်းတွေ၊ နအဖ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြိုကွဲပျက်စီးစေမဲ့စီမံကိန်းတွေ အစရှိတဲ့ Offensive Strategy တွေကို ပူးတွဲ ပြင်ဆင်လုပ်ဆောင်ရပါမယ်။ အဲဒီလိုမှ အကောင်အထည်ဖော်နိုင်ခြင်းမရှိဘူးဆိုရင် ကျနော်တို့ တောင်းဆိုတဲ့အပြုသဘောဆောင် ချဉ်းကပ်မှုဆီ၊ တွေ့ဆုံဆွေးနွေးရေးဆီ နအဖ စစ်အုပ်စု အလွယ်တကူ ရောက်လာဖို့မလွယ်ပါဘူး။

ဒီအချိန်မှာ နအဖ စစ်အုပ်စုရဲ့ ပြည်သူလူထုတရပ်လုံးကို ရေရှည်ကျွန်ပြုမဲ့ အာဏာရှင်ယန္တရားကို ရပ်တန့်အောင်လုပ်ဖို့ဆိုတာ ဗျူဟာ တရပ်တည်းနဲ့တော့ အတော်ခက်ခဲပါမယ်။ ခံစစ်၊ တိုက်စစ်၊ လက်ဦးရယူမှုတွေဖြစ်တဲ့ ပြောက်ကျားစစ်ရေးကိစ္စတွေ၊ နအဖ အားနည်းပျက်စီးစေမဲ့အခြားစီမံကိန်းအမျိုးမျိုးတွေ၊ လူထုစည်းရုံးရေး၊ လူထုလှုပ်ရှားမှု၊ တော်လှန်ရေး အင်အားစုအတွင်း စုစည်း ညီညွတ်မှု အစရှိတဲ့လှုပ်ရှားမှုမျိုးစုံကို ကဏ္ဍအုပ်စု အသီးသီးကနေ တိုင်ပင်ကျကျ စုစုစည်းစည်း အချိန်ကိုက် အကောင်အထည်ဖော်ဖို့ တော်လှန်ရေးသမိုင်းကြီးကတောင်းဆိုနေပါပြီ။

တော်လှန်ရေးတိုက်ပွဲကိုအဓိကအရှိန်မြှင့်နိုင်မဲ့ ကျနော်တို့ ပလောင်တော်လှန်ရေးအင်အားစု ဖြစ်တဲ့ (PSLA) နဲ့ (PSLF) တို့က ရှေ့ဆောင်ဦးရွက်ပြုပြီး
၁) (PSLA) တပ်မှူးအရာရှိအရာခံ၊ ရဲဘော်ရဲမေများ
၂) (PSLF) တပ်ဦးအဖွဲ့ဝင် ရဲဘော်ရဲမေများ၊ အမျိုးသမီးနဲ့ လူငယ်အဖွဲ့ဝင်များ
၃) ပလောင်စာပေယဉ်ကျေးမှုအဖွဲ့
၎) ပလောင်လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပလောင်ပြည်သူလူထုတရပ်လုံး
၅) နအဖ ဖဲ့ထုတ်စည်းရုံးထားတဲ့ ပလောင်လူမျိုးကြံ့ခိုင်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ဌာနဆိုင်ရာ ပလောင်လူမျိုးဝန်ထမ်းများ
အစရှိတဲ့ ကဏ္ဍအသီးသီး၊ အလွှာအသီးသီးက ပလောင်ပြည်သူလူထုတွေကို စစ်အာဏာရှင်ရဲ့ ညစ်ထေးကောက်ကျစ်တဲ့ သဏ္ဌာန်ရုပ် အမှန်ကိုဖော်ထုတ်ပြသပြီး၊ ဒီမိုကရေစီနဲ့ အမျိုးသားလွတ်မြောက်တိုက်ပွဲရဲ့ ခံစစ်၊ တိုက်စစ်၊ ရန်သူအပေါ် လက်ဦးမှုရယူနိုင်မဲ့ မဟာဗျူဟာ နည်းဗျူဟာတွေကို သက်ဆိုင်ရာကဏ္ဍအသီးသီးမှာပါဝင်လက်တွဲကြဖို့ စည်းရုံးလှူံ့ဆော် ပြင်ဆင်အကောင်အထည်ဖော်ဖို့ အချိန် ကျရောက်နေပါပြီ။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးလုပ်ငန်းစဉ်၊ လူထုအုံကြွရေးလုပ်ငန်းစဉ်၊ နအဖ ကျင်းပမဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ပျက်စီးရေး လုပ်ငန်းစဉ်တွေ အစရှိတဲ့ တိုက်စစ်ကိုအခြေခံတဲ့ ဗျူဟာတွေနဲ့အတူ နိုင်ငံတကာဖိအား၊ စီးပွားရေးပိတ်ဆို့မှု၊ မိမိတို့ တော်လှန်ရေးအင်အားစုအတွင်း ခိုင်မာကျယ်ပြန့်တဲ့ညီညွတ်မှုတည်ဆောက်တဲ့လုပ်ငန်းစဉ်တွေ၊ တော်လှန်ရေးအင်အားစု အဖွဲ့အစည်းအတွင်း အားကောင်းစေမဲ့ အဖွဲ့အစည်းတည်ဆောက်ရေးလုပ်ငန်းစဉ်၊ လူထုစည်းရုံးရေးလုပ်ငန်းစဉ်တွေ စတဲ့ ခံစစ်အသားပေး ဗျူဟာတွေကိုလည်း အချိန်ကိုက် တိုင်ပင်ကျကျ ချမှတ်ပြင်ဆင်အကောင်အထည်ဖော်ဆောင်ရပါမယ်။



(PSLA) အနေနဲ့ ဘယ်လိုမလွှဲသာ မရှောင်သာတဲ့အခြေအနေမျိုးပဲရောက်ရှိနေပါစေ မှားယွင်းခဲ့တာတွေချေဖျက်နိုင်ဖို့အတွက် ဒီတချီမှာတော့ နအဖ စစ်အုပ်စုကိုထောက်ခံသကဲ့သို့ဖြစ်စေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်းမပြုပဲ ပြတ်ပြတ် သားသားရင်ဆိုင်ပြီး (PSLA) ကိုထောက်ခံနေတဲ့ အင်အားစုတွေကိုစည်းရုံးရင်း စစ်အာဏာရှင်စနစ်ကို အပြီးသတ် ချုပ်ငြိမ်းစေမဲ့တိုက်ပွဲကြီးမှာ တော်လှန်ရေးတာဝန်ရှိရှိ ခေါင်းဆောင်မှုကိုပြသရမဲ့အချိန်ကျရောက်နေပြီဖြစ်ပါတယ်။ အတိတ် သမိုင်းမှာ… လက်ရှိအခြေအနေမှာ… ကျနော်တို့ရဲ့ အားကောင်းချက်တွေ၊ အင်အားတွေ၊ ပြီးတော့ ကျနော်တို့ မှားယွင်းခဲ့တာတွေ၊ ဆုံးရှူံးခဲ့တာတွေ အားလုံးကို မှန်မှန် ကန်ကန် သုံးသပ်ပြီး ပြတ်သားတဲ့လုပ်ငန်းစဉ် ဗျူဟာတွေချမှတ်ပြီး၊ ဒုက္ခသံသရာမှာနှစ်နေတဲ့ ကျနော်တို့ပြည်သူလူထုကို ဦးဆောင် ကယ်တင်ဖို့ အမှန်တကယ်အရေးတကြီးလိုအပ်နေပါပြီ။

နိဂုံးချုပ်တင်ပြချင်တာကတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် အမျိုးသားလွတ်မြောက်ရေး အဆုံးအဖြတ်တိုက်ပွဲ အတွက် ပြည်တွင်း၊ ပြည်ပ၊ နိုင်ငံတကာ အချိတ်အဆက်မိမိနဲ့ ခိုင်မာကျစ်လျစ်တဲ့ ပလောင်နိုင်ငံရေးအင်အားစုကို စုစည်းရပါမယ်၊ အဲဒီ စုစည်းမှုကနေ ၂၀၁၀ အကြိုနဲ့အလွန် ပြင်ဆင်လုပ်ဆောင်သင့်တာတွေကို ပြင်ဆင်ချမှတ်ပြီး အဆုတ်အတက်၊ ခံစစ်တိုက်စစ် အစရှိတဲ့ မဟာဗျူဟာ နည်းဗျူဟာ ပေါင်းစုံကို တိကျရှင်းလင်းပြတ်သားတဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ အားလုံးလိုက်ပါ ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းစဉ်တွေနဲ့အတူ နအဖ စစ်အုပ်စုကို ဟန်ချက်ညီညီ အရှိန်မြှင့်ဆန့်ကျင်တိုက်ပွဲဝင်ကြပါစို့လို့ တိုက်တွန်းလှူံ့ဆော်လိုက်ပါတယ်။

မိုင်းဘုန်းကျော် (လက်ဖက်မြေ)
၇ ရက် ဒီဇင်ဘာလ ၂၀၀၈ ခုနှစ်

0 comments:

Post a Comment