(၁)
ဒီမိုကရေစီ လှိုင်းလုံးကြီးထဲ ဘယ်နိုင်ငံ၊ ဘယ်လူမျိုးတွေက ဘယ်လိုလိုက်ပါစီးဆင်းသွားနေသလဲ။ အတက်စီးဆင်းသူတွေလား။ နောက်ပြန်လှိုင်းလုံးနောက် ပါသွားသူတွေကော။ ဘယ်လိုနိုင်ငံ၊ ဘယ်လိုလူမျိုးတွေ တကယ် ဒီမိုကရေစီ ဖော်ဆောင်ကျင့်သုံးရေး (Democratization wave) လှိုင်း ကြီးထဲ လိုက်ပါဖို့အဆင်သင့်ဖြစ်နေကြပြီလဲ။
နိုင်ငံရေးပါရဂူ ဂုရုကြီးတွေကတော့ ယနေ့ ၂၁ ရာစု မျက်မှောက်ကမ္ဘာဟာ ဒီမိုကရေစီ ဖော်ဆောင်ကျင့်သုံးရေး တတိယလှိုင်းထဲ သိသိသာသာ အရှိန်မြှင့်ချဉ်းနင်းဝင်ရောက်နေပါပြီလို့ သတ်မှတ်နေကြပါပြီ။ တချို့ စိုးရိမ်မှုလွန်တဲ့ နိုင်ငံရေးသိပံ္ပပညာရှင်တွေ သုံးသပ်တာကတော့ တတိယလှိုင်းလုံး ဟာ အတက်ကနေ အတော်ကလေး မောဟိုက်လာပါပြီတဲ့။ မောဟိုက်လာပြီဆိုတော့ အတက်လှိုင်းလုံးကနေ နောက်ပြန်လှိုင်းလုံး (reverse wave) တွေဘက်ကူးတော့မဲ့ လက္ခဏာတွေပေါ့။ ပညာရှင်တချို့ရဲ့ချဉ်းကပ်မှုကတော့ (Democracy Recession) ဒီမိုကရေစီ တုန့်ဆိုင်းခြင်းတဲ့။
စိုးရိမ်မယ်ဆိုရင်လည်း စိုးရိမ်စရာမဟုတ်လား။ ဒီမိုကရေစီ ဘိုးအေ အမေရိကန်ကြီး အအေးမိရင် ကျန်တဲ့နိုင်ငံတွေပါ နှာစေးချောင်းဆိုး တတ်ကြတာ မဟုတ်လား။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြီးကို ဘယ်လိုကျော်ဖြတ်ရမလဲ။ ဒီစီးပွားရေးပျက်ကပ်ကြီးကို ရင်ဆိုင်ဖြတ်သန်းနေရတုန်း ပြင်ဆင်မှု နည်းဗျူဟာတွေလွှဲသွားရင်တော့ ဒီမိုကရေစီ ဖော်ဆောင်ကျင့်သုံးရေး တတိယလှိုင်းလုံးဟာ တကယ်ကိုပဲ အမောဘက်ဦးတည်သွားနိုင်ပါတယ်။
ကျနော်တို့တတွေဟာ ဒီမိုကရေစီဆိုတာ ဘာမှန်းလည်းကောင်းကောင်းမသိရသေးဘူး၊ ဒီမိုကရေစီအရသာကိုလည်း ဘယ်လိုကောင်း မှန်းလည်း မခံစားရသေးဘူး။ ဒီမိုကရေစီ တတိယလှိုင်းကြီးကတော့ တော်တော်မောနေပါပြီ ဆိုပဲ။
ဒီမိုကရေစီ ဆိုတာဘာလဲ။ ဒီမိုကရေစီဖော်ဆောင်ကျင့်သုံးရေး (Democratization) ဆိုတာကရော ဘာလဲ။
ဒီမိုကရေစီသက်ဝင်ယုံကြည်တဲ့ အမေရိကန်ရဲ့ သမတဟောင်း အေဗရာဟင်လင်ကွန်း ပြောတာကတော့ "Government of the people, by the people, for the people" တဲ့။ ”ပြည်သူလူထုကိုအုပ်ချုပ်တဲ့အစိုးရဟာ ပြည်သူလူထုကနေ ဆင်းသက်လာတဲ့အစိုးရဖြစ်ပြီး ပြည်သူလူထု အတွက်ဖြစ်စေရမယ်“ လို့ အနီးစပ်ဆုံး ကြိုးစားဘာသာပြန်ချင်ပါတယ်။ ပြည်သူလူထုအများဆန္ဒနဲ့ ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရဟာ ပြည်သူလူထုကိုတာဝန်ခံပြီး ပြည်သူလူထုအတွက်အလုပ်လုပ်ပေးဖို့ ပြည်သူလူထုတွေရဲ့ ကိုယ်စားဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးစနစ်က ဒီမိုကရေစီ စနစ်လို့ ရိုးရိုးလေးပြောကြည့်ချင်ပါတယ်။
ဒီမိုကရေစီစနစ်ဟာ လူ့အခြေခံအခွင့်အရေးတွေဖြစ်တဲ့ အခြေခံလွတ်လပ်ခွင့်တွေ၊ ပိုင်ဆိုင်ခွင့်တွေ၊ ကာကွယ်ပေးရမဲ့ အခွင့်ရေးတွေကို အာမခံပြီး၊ လူတဦးချင်း၊ အုပ်စုလိုက် အားလုံးကို ဥပဒေအရ အကာကွယ်ပေးထားပါတယ်။ ပြီးတော့ ပြည်သူလူထုကိုယ်စား ကိစ္စအရပ်ရပ်ကို ဆောင်ရွက်ဖို့ အစိုးရကိုဘယ်လိုဖွဲ့စည်းမလဲ၊ ဖွဲ့စည်းထားတဲ့အစိုးက ဘာတွေလုပ်ဆောင်ရမလဲ၊ ပြည်သူလူထုကို ဘယ်လိုတာဝန်ခံရမလဲ ဆိုတာတွေကို အားလုံး သဘောတူတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စီမံခန့်ခွဲအုပ်ချုပ်တဲ့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။
အဲဒီလို လူအစုအဖွဲ့ကြီးတခုဟာ ပြည်သူလူထုကိစ္စအရပ်ရပ်ကို လူထုကိုယ်စားတာဝန်ယူဆောင်ရွက်တဲ့ ဒီမိုကရေစီစနစ်ကြီး အမှန်တကယ်ပဲ လူထု ဆန္ဒအတိုင်း ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးအောင်အုပ်ချုပ်စီမံဖို့အတွက် ကျားကန်ထောက်ပံ့ပေးတဲ့ အချက်အလက်တွေ အများကြီးလိုအပ်ပါတယ်။ အမှား အမှန်ခွဲခြား ဝေဖန်ပိုင်းဖြတ်နိုင်စွမ်းတဲ့ပြည်သူလူထု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်တဲ့ သတင်းမီဒီယာ၊ တရားဥပဒေစိုးမိုးရေးအခြေခံ၊ ဒီမိုကရေစီဖွံ့ဖြိုးမှုကို အားပေးတဲ့လွတ်လပ်တဲ့အသင်းအဖွဲ့အစည်းနဲ့ ဒီမိုကရေစီအခြေခံအဆောက်အအုံတွေ စသဖြင့်လိုအပ်ချက်တွေ မြောက်များစွာပါ။
ဒီမိုကရေစီဖော်ဆောင်ကျင့်သုံးရေး (Democratization) မှာ အနည်းဆုံး-
(က) အာဏာရှင်စနစ်အဆုံးသတ်မှု၊
(ခ) ဒီမိုကရက်တစ်အုပ်ချုပ်ရေး တပ်ဆင်အသက်သွင်းမှု၊
(ဂ) ဒီမိုကရေစီအုပ်ချုပ်ရေး ယန္တရား ကျစ်လစ်ခိုင်မာစေမှု ဆိုတဲ့ ဖော်ဆောင်ကျင့်သုံးရမဲ့ ဖြစ်စဉ်အဆက်ဆက်ရှိပါတယ်။ အဲဒီ့ အဆင့် သုံးဆင့် ဖွံ့ဖြိုးစေဖို့ လုပ်ဆောင်တဲ့လုပ်ငန်းစဉ်ကို ဒီမိုကရေစီဖော်ဆောင်ကျင့်သုံးရေးလို့ နိုင်ငံရေးသိပံ္ပပညာရှင်တွေ သမုတ်ထားကြတာပါ။ ဒီမိုကရေစီဖော်ဆောင်ဖို့ ဆိုရင် ဖော်ပြပါအချက်သုံးချက်ကို တခုမဟုတ် တခုခု စတင်ဖော်ဆောင်လှုပ်ရှားရပြီး၊ သုံးချက်စလုံးကို အားကောင်းကောင်းနဲ့ ဖော်ဆောင်နိုင်ရင်တော့ အားကောင်းတဲ့ ဒီမိုကရေစီဖော်ဆောင်ကျင့်သုံးရေး လှိုင်းကြီးလို့အကြမ်းအားဖြင့် မှတ်ချက်လိုက်ချရင် မှားမယ်မထင်ပါ။
(၂)
Samuel P. Huntington နဲ့ Larry Diamond အစရှိတဲ့ နိုင်ငံရေးသိပံ္ပပညာရှင်တွေ ကိုးကားရှင်းလင်းတင်ပြတဲ့ ဒီမိုကရေစီဖော်ဆောင် ကျင့်သုံး ရေးလှိုင်းလုံးကြီး (Democratization wave)တွေကို လေ့လာကြည့်မယ်ဆိုရင် စိတ်ဝင်စားစရာပါ။ ပြီးတော့ ကျနော်တို့လိုချင်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲဖော်ဆောင်ကျင့်သုံးရေးအတွက် ပြင်ဆင်စရာတွေအပြည့်ပေါ့။
ပထမ ဒီမိုကရက်တိုက်ဇေးရှင်း လှိုင်းရှည်အဖြစ်သတ်မှတ်ကြတဲ့ ၁၈၂၈ ကနေ ၁၉၂၆ ထိကာလကို လေ့လာကြည့်မယ်ဆိုရင်၊ ၁၈၂၈ ခုနှစ်မှာ အမေရိကမှာစပြီး ဒီမိုကရေစီကိုလက်ခံကျင့်သုံးမဲ့ ပြည်သူ့အုပ်ချုပ်ရေးစနစ် အစပြုတာထွက်ခဲ့တယ်လို့ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ပြည်ထောင်စု နိုင်ငံအသစ် ဖွဲ့စည်းပြီးတဲ့နောက် အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ အမျိုးသားအားလုံး မဲပေးနိုင်ခွင့်တွေအထိ တက်လာပါတယ်။ နောက်ပိုင်း မှာတော့ အခြားတိုင်းပြည်တွေကလည်း တဖြည်းဖြည်းနဲ့ မဲပေးတဲ့စနစ်တွေတိုးချဲ့ရင်း၊ လျှို့ဝှက်မဲပေးစနစ်ကို မိတ်ဆက်လာပြီး၊ ပါလီမန်မှာ ၀န်ကြီး ချုပ်နဲ့ ၀န်ကြီးအဖွဲ့ရဲ့တာဝန်တွေ ခွဲဝေအပ်နှင်းလာပါတယ်။
အဲဒီနောက် ပြင်သစ်၊ ဆွစ်ဇာလန်၊ အင်္ဂလိပ် ဒိုမီနီယံတိုင်းပြည်တွေ၊ ဂရိတ်ဗြိတိန်နဲ့ ဥရောပ နိုင်ငံငယ်လေးပေါင်းများစွာ ဟာ ဆယ့်ကိုးရာစု မကုန်ခင် အာဏာရှင်ဘုရင်၊ စစ်အုပ်ချုပ်ရေးကနေ ပြည်သူလူထုကိုတာဝန်ခံတဲ့ ဒီမိုကရေစီကိုကူးပြောင်းခဲ့ကြပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ကျင့်သုံးမှု ပထမ လှိုင်းလုံးပါ။ ကျနော်တို့ အရှေ့အာရှတိုင်းမှာတော့ သေဆိုရင်သေရမဲ့ ကျေးပိုင်ကျွန်ပိုင် မြေရှင်ပဒေသရာဇ် ထဲလွှင့်မျောနေတုန်းကာလကြီးပေါ့။
ဒါပေမဲ့ ပထမကမ္ဘာစစ် ပြီးတဲ့နောက် ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတချို့ဟာ အကျင့်ပျက်ချစားမှု၊ အာဏာလွန်ဆွဲမှု၊ အမျိုးသားရေးဝါဒီ အစရှိတဲ့ အကြောင်းအမျိုးမျိုးတွေနဲ့ ဒီမိုကရေစီ ပထမ နောက်ပြန်လှိုင်းဖြစ်လာတာကတော့ ၁၉၂၂ ကနေ ၁၉၄၂ ခုနှစ်ထိလို့ ဆိုကြပါတယ်။ ဒီမိုကရေစီ လှိုင်းနောက်ပြန်မှု အထင်ကရ ဥပမာပြရရင်တော့ ပြည်သူလူထုရဲ့အခြေခံအခွင့်အရေး တစုံတရာရှိနေပြီဖြစ်တဲ့ အီတလီ နဲ့ ဂျာမဏီ ကိုပြရင် အရှင်းဆုံးပါပဲ။ အီတလီမှာ ပြည်သူလူထုကိုကိုယ်စားပြုတဲ့အစိုးရကို စစ်အာဏာရှင် မူဆိုလီနီ ကဖြုတ်ချပြီး ဒီမိုကရေစီပြောင်းပြန်လှန်ခဲ့တယ်။ အမျိုးသား ရေးကိုဘန်းပြတဲ့ အဒေါ့ဟစ်တလာ က ဂျာမဏီရဲ့ ဒီမိုကရေစီကိုဆိတ်သုဉ်းအောင်လုပ်ပြီး ကမ္ဘာင်္ကြီးကို အတိဒုက္ခအိုးကြီးဆီ အတင်းတွန်းပို့ခဲ့တယ်။
ပထမ နောက်ပြန်လှိုင်းဂယက်မှာ ဥရောပနိုင်ငံအတော်များများဖြစ်တဲ့ စပိန်၊ ပေါ်တူဂီ၊ ပိုလန် တို့ဟာ စစ်အာဏာရှင်အုပ်ချုပ်ရေးအဖြစ် နောက်ပြန် ဆွဲသွားသလို၊ ဒီမိုကရေစီ မိတ်ဆက်အဆင့်နဲ့ လွတ်လပ်ခွင့်အသင့်တင့်ရှိတဲ့ ဘရာဇီးနဲ့ အာဂျင်တီးနား နိုင်ငံလို တောင်အမေရိကတိုက်က နိုင်ငံ တွေနဲ့ ဂျပန်လို အာရှနိုင်ငံတွေဟာ မာကျောတဲ့စစ်အာရှင်နိုင်ငံတွေဖြစ်လာပြီး၊ အာဖရိကမှာဆိုရင် ဆိုးရွားတဲ့ အာဏာရှင်အစိုးရတွေ ဆက်တိုက် ထွက်လာပြီး ကမ္ဘာပေါ်မှာ ဒီမိုကရေစီကို အမှန်တကယ် လက်ခံကျင့်သုံးတဲ့နိုင်ငံဟာ လက်ငါးချောင်း တောင်မပြည့်ချင်တော့ပါဘူး။
ဒုတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းတို စတင်တာကတော့ ၁၉၄၃ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်ထိဖြစ်တယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းနဲ့ စစ်ပြီးသွားတဲ့ ကာလတိုအတွင်းပေါ့။ စစ်နိုင်တဲ့ အမေရိကန်က အီတလီ၊ အနောက်ဂျာမဏီနဲ့ ဂျပန်တို့ကို တိုက်ရိုက်ဒီမိုကရေစီနိုင်ငံ သွတ်သွင်းလိုက်တယ်။ စစ်ပြီးတဲ့နောက်မှာ လက်ဝဲနဲ့ လက်ယာအယူအဆတွေအားပြိုင်တဲ့ကြားကပဲ လက်တင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ဘရာဇီး၊ အာဂျင်တီးနား၊ ဥရုဂွေး အစရှိတဲ့နိုင်ငံတွေ၊ အချို့အာဖရိကနိုင်ငံတွေ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ မြန်မာ၊ အိန္ဒိယ အစရှိတဲ့ လွတ်လပ်ပြီးသားနဲ့ ကိုလိုနီလက်အောက်က စလွတ်လာတဲ့ အာရှနိုင်ငံတွေဟာ ဒီမိုကရေစီ အင်စတီကျူးရှင်း အခြေခံအဆောက်အအုံတွေ စတင်ထွန်းကားလာခဲ့ပါတယ်။
စစ်အေးကာလ လက်ဝဲလက်ယာအားပြိုင်မှုနဲ့အတူ အကြောင်းပြချက်မျိုးစုံဟာ အခြေကျစပြုရုံရှိနေသေးတဲ့ ဒီမိုကရေစီ အယူအဆတွေကို စစ် အာဏာရှင်တွေက ပုံစံအမျိုးမျိုးနဲ့တိုက်စားဝါးပြိုလိုက်ကြပါတယ်။ ဒုတိယ နောက်ပြန်လှိုင်းလို့သတ်မှတ်ကြတဲ့ ၁၉၅၈ - ၇၅ ကာလအထိပေါ့။ ၁၉၆၂ ခုနှစ်မှာ ပီရူး၊ ၁၉၆၄ ခုနှစ်မှာ ဘရာဇီးနဲ့ ဘိုလီးဗီးယား၊ ၁၉၆၆ မှာအာဂျင်တီးနား၊ ၁၉၇၂ ခုနှစ်မှာ အီကွေဒေါ နဲ့ ၁၉၇၃ မှာ ဥရုဂွေးနဲ့ ချီလီ တို့ဟာ ပြည်သူလူထုအစိုးရတွေကို စစ်ခေါင်းဆောင်တွေကဖြုတ်ချခဲ့ကြပြီး အာဏာရှင်စနစ်စခန်းထခဲ့ကြတယ်။ ဒုတိယ ဒီမိုကရက်တိုက်ဇေးရှင်း လှိုင်းကြီး မောသွားတယ်ဆိုပါစို့။
လက်ဝဲဆရာကြီး ဆိုဗီယက်တပ်နီတော်ရဲ့ သြဇာခံ ဥရောပနိုင်ငံငယ်အချို့၊ မြန်မာအပါအ၀င်အာရှနိုင်ငံတချို့နဲ့ အာဖရိကနိုင်ငံတွေ ကတော့ ပုံစံ အမျိုးမျိုးနဲ့ အာဏာရှင်စနစ်ဆီ ပြန်ဦးတည်လာကြတယ်။ အဲဒီလို လက်ဝဲ၊ လက်ယာအားပြိုင်မှုကြားကပဲ မဟာမိတ် လက်အောက်ခံလို့ပြောရမဲ့ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ ပါကစ္စတန်တို့လိုနိုင်ငံတွေဟာ အာဏာရှင်စနစ် ကြီးစိုးမင်းမူမှုတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်။ ၁၉၅၆ နဲ့ ၁၉၇၀ အကြား အာဖရိကသုံးဆယ့်သုံးနိုင်ငံ အသီးသီးလွတ်လပ်ရေးရရှိခဲ့ကြပြီး အာဏာရှင်စနစ်ဆီ ရောက်ရှိသွားကြပါတယ်။ ဒုတိယ ဒီမိုကရက် တိုက်ဇေးရှင်းလှိုင်းကြီး ဘက်ဂီယာထိုး နောက်ပြန်စီးတာဟာ အတော်စိုးရိမ်စရာ မငြိမ်းချမ်းတဲ့ကမ္ဘာ ဖြစ်ခဲ့ရပါတယ်။
တတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးကို ၁၉၇၀ နောက်ပိုင်းကနေ စတင်လှုပ်နှိုးလိုက်တာကတော့ တောင်ဥရောပနိုင်ငံတွေပါ။ ၁၉၇၄ မှာ ပေါ်တူဂီနိုင်ငံဟာ အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အရပ်သားအုပ်ချုပ်မှုကို စပြောင်းတာကနေ စတင်တယ်လို့ဆိုကြပါတယ်။ အဲဒီနောက် စပိန်၊ ဂရိ၊ တူရကီ အစရှိတဲ့ဥရောပနိုင်ငံတွေ ပီရူး၊ ဘိုလီးဗီးယားတို့လို လက်တင်အမေရိကန်နိုင်ငံတွေဟာ လူထုကရွေးကောက်တဲ့ အရပ်သားအစိုးရ အုပ်ချုပ်မှုဖြစ်လာပြီး အာဏာရှင်အုပ်ချုပ်ရေးတွေ နိဂုံးချုပ်ခဲ့ကြတယ်။
၁၉၈၀ နောက်ပိုင်းမှာဆိုရင် လက်တင်အမေရိကဒေသဖြစ်တဲ့ ဘရာဇီး၊ အာဂျင်တီးနားအစရှိတဲ့ တောင်အမေရိကနိုင်ငံတွေဟာ အကြောင်း အမျိုးမျိုးကြောင့် အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး လူထုဆန္ဒကိုယ်စားပြုတဲ့ အရပ်သားအုပ်ချုပ်မှု ပုံစံအမျိုးမျိုးထွက်လာပါတယ်။ ၁၉၇၀ - ၁၉၈၀ နောက်ပိုင်းကာလမှာ အာရှနိုင်ငံအချို့ဟာလည်း ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ဦးတည်လာကြတယ်။ ဖိလစ်ပိုင်၊ တောင်ကိုးရီးယား၊ အိန္ဒိယ၊ အင်ဒိုနီးရှားကအစ ဒီမိုကရေစီလမ်းကြောင်းထဲဝင်ရောက်လာပြီး၊ ၁၉၈၈ ၀န်းကျင်မှာဆိုရင် ဒီမိုကရေစီ ပြောင်းလဲမှုကိုဖြစ်စေမဲ့ အားကောင်း မောင်းတန်တဲ့ လူထုလှုပ်ရှားမှုတွေ ကျနော်တို့ မြန်မာနဲ့တရုတ်မှာဖြစ်ခဲ့ပါတယ်။ တတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးဟာ ကွန်မြူနစ် ၀န်းကျင် ကို ၀ါးမြိုလာတဲ့အထိ အရှိန်ကောင်းလာတယ် ဆိုတာ ပိုထင်ရှားလာပါတယ်။
ကွန်မြူနစ်ဘိုးအေ ဆိုဗီယက်ပြည်ထောင်စုကြီး ၀ါးအစည်းပြေပြီးတဲ့ ၁၉၉၀ နောက်ပိုင်း ဥရောပမှာ ဒီမိုကရေစီ နိုင်ငံငယ်တွေများစွာ ထွက်ပေါ်လာ ပါတယ်။ တိတိကျကျပြောရရင် ဘာလင်တံတိုင်းကြီးကိုဖြိုချပြီး၊ အနောက်ဂျာမဏီရဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအလုပ် ဖြစ်တာကို အကြောင်းပြုလို့ တခုတည်းတော့ ဂျာမဏီနိုင်ငံအဖြစ် ပြန်ပေါင်းလာတဲ့ အရှေ့ဂျာမဏီကြောင့် ကမ္ဘာ့ဒီမိုကရေစီလှိုင်း ပိုအားကောင်းလာခဲ့တယ်။ အဲ့ဒီနောက် ဥရောပ၊ အာရှ၊ အာဖရိကနဲ့ တောင်အမေရိကတို့မှာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံပိုများလာပြီး အာဏာရှင်ဆန်တဲ့ကွန်မြူနစ်အချို့နဲ့ ကွန်မြူနစ် အမည်ခံတွေ၊ အာဏာရှင်တွေဆက်တိုက်အထိနာခဲ့ကြတယ်။
ဘယ်လိုပဲအခက်အခဲတွေရှိနေပါစေ တရုတ်လိုအင်အားကြီးကွန်မြူနစ်နိုင်ငံတောင်မှ လွတ်လပ်တဲ့ဈေးကွက်တချို့နဲ့ အခြေခံလူအခွင့်အရေးအချို့ကို သီးခံနားလည်လက်ခံကျင့်သုံးလာတာဟာ ဒီမိုကရေစီအောင်မြင်မှုတွေပါ။ ယနေ့ကျနော်တို့ရှင်သန်နေတဲ့ ၂၁ ရာစုနှစ်မှာ ဒီမိုကရေစီဘက်ကို မှန်မှန် ပြုပြင်ပြောင်းလဲသွားတဲ့နိုင်ငံအရေအတွက် ပိုများလာပြီး၊ အာဏာရှင်ဘက်ပြောင်းသွားတဲ့နိုင်ငံ အရေအတွက် နဲလာတယ်ဆိုတာ ငြင်းမရတဲ့အချက်ပါ။ ကမ္ဘာကြီးဟာ ပိုယဉ်ကျေးပြီး ငြိမ်းချမ်းလာတဲ့သဘောပေါ့။ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အားကောင်းကောင်းနဲ့အလုပ်ဖြစ်လာတယ် လို့ ဆိုရင်ရမလားပဲ။ အထူးသဖြင့် အာဖရိကတိုက်မှာ ဒီမိုကရေစီအပေါ် သက်ဝင်ယုံကြည်မှုရေချိန်ဟာ အာရှထက် သိသိသာသာတိုးလာပါတယ်။
ဒါပေမဲ့ အချို့ပညာရှင်တွေစိုးရိမ်သလို တတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးမောသွားပြီလား ဆိုတာကတော့ တချက်စဉ်းစားပြီး ပြင်ဆင်ကြရမဲ့အရာပါ။ ကနေ့ ကမ္ဘာ့စီးပွားရေးချွတ်ခြုံကျကပ်ဆိုက်မှု၊ အင်အားကြီးနိုင်ငံများရဲ့ အာဏာပြိုင်ဆိုင်မှု၊ ဘာသာရေးအပေါ် ဘမ်းပြပြီး အကြမ်းဖက် လှုပ်ရှားမှုနဲ့အကြမ်းဖက်မှုကိုချေမှုန်းတဲ့စစ်ပွဲကြီးဆင်နွှဲနေမှု အစရှိတဲ့အကြောင်းအရင်း အကျိုးစီးပွားတွေ အမျိုးမျိုးပေါ်အခြေခံပြီး ဒီမိုကရေစီလှိုင်း လုံးကြီးမောလာပြီလားလို့ ယူဆချင်စရာပါ။
အထူးသဖြင့် ဆိုဗီယက်ယူနီယံကြီးပြိုကွဲသွားတဲ့နောက်ပိုင်း ပိုမိုပွင့်လင်းတဲ့ ဒီမိုကရေစီအရိပ်အရောင်ကိုမျှော်လင့်ထားတဲ့ ရုရှားဟာ ထင်သလို ဖြစ်မလာပဲ သမတ ပြီးတော့ ၀န်ကြီးချုပ် ထပ်လုပ်နေတဲ့ ပလာဒီမာပူတင် ရဲ့ခေါင်းမာတဲ့ဗျူရိုကရက်ဦးဆောင်မှုဟာ တရုတ်နဲ့အတူ အခြား အာရှနိုင်ငံကပါ ဒီမိုကရေစီဘက်ကို ပြုပြင်ပြောင်းလဲမှုတွေအပေါ်နှောင့်နှေးစေတဲ့လွှမ်းမိုးမှုဖြစ်လာပြီး၊ လျှောက်ရမဲ့လမ်းဟာ ကြံ့ကြာလာလို့မောပမ်း လာသလိုထင်ရပါတယ်။ နောက်တချက်က အမေရိကန်ရဲ့ ၂၁ ရာစုဦး အကြမ်းဖက်မှုချေမှုန်းတဲ့စစ်ပွဲကြီးကို မူမမှန်တဲ့ကိုင်တွယ်မှုဟာ ခုနတုန်းက အာဏာရှင်တွေနဲ့ ဒီမိုကရေစီအပေါ်ယုံကြည်မှုအားနည်းနေသေးတဲ့ အစ္စလာမ်ဘာသာဝင်နိုင်ငံတွေအတွက် ခြေလှမ်းတုံ့စေတာအမှန်ပါပဲ။
ဒါပေမဲ့ လူငယ်ခေါင်းဆောင်သစ်တွေထွက်ပေါ် လက်ခံလာတာဟာ ကနေ့ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးရေးအတွက် စိတ်အေးစရာလို့ ကြိုတင် ခန့်မှန်းကြည့်ရင် ငြင်းမဲ့သူနည်းမယ်ထင်ပါတယ်။ အထူးသဖြင့် စစ်သွေးကြွတဲ့ သမတ ဘုရှ် နေရာမှာ လူငယ် သမတ ဘားရဒ်အိုဘားမား အစားထိုး လာတာ၊ ငယ်ရွယ်သေးတဲ့ တရုတ်နဲ့ရုရှား သမတ ဖြစ်တဲ့ ဟူဂျင်းတောင်နဲ့ ဒီမစ်ထရီမက်ဗီဒျပ် အစရှိတဲ့အင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင် ပြောင်းလဲမှုတို့ဟာ အပြောင်းအလဲကို ပိုမိုလက်ခံနိုင်ပြီး၊ ဒီမိုကရေစီနဲ့ လူအခွင့်အရေး ပိုအားကောင်းလာနိုင်မယ်လို့ ယူဆချင်ပါတယ်။ အထူးသဖြင့် အိုဘားမား ရဲ့ ကမ္ဘာ့ပြဿနာအပေါ်ချဉ်းကပ်ပုံနဲ့ မူဆလင်အဖွဲ့အစည်းတွေအပေါ်သဘောထားဟာ ဒီမိုကရေစီအတွက် တိုးတက် ပြောင်းလဲလာနိုင်မဲ့ အခြေအနေ ရေခံမြေခံကောင်းတွေပါ။ အကြမ်းဖက်မှုတွေ လျော့လာတဲ့ကမ္ဘာဖြစ်လာမဲ့လက္ခဏာ တစ်ခုပါ။ ဒါပေမဲ့ သေချာတာတခု ကတော့ အားပြိုင်မှုတွေဆက်များနေပြီး တင်းမာမှုတွေမဖြေလျော့နိုင်ရင်တော့ တတိယလှိုင်းကတော့ တုန့်ဆိုင်းပြီးမောနေအုံးမှာပါပဲ။
ကမ္ဘာ့နိုင်ငံတွေရဲ့ ဒီမိုကရေစီအုပ်ချုပ်ပုံပြောင်းလဲမှု အရေအတွက်ဇယားကိုကြည့်မယ်ဆိုရင် ကနေ့ ကမ္ဘာကြီးရဲ့ ဒီမိုကရေစီဖော်ဆောင်ကျင့်သုံးရေး လှိုင်းလုံးကြီးတွေ ဘယ်လိုဦးတည်ရွေ့လျားလာမလဲဆိုတာ မျှော်လင့်ခန့်မှန်းနိုင်မယ်ထင်ပါတယ်။
ခုနှစ်/ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်း ဒီမိုကရက်တစ်နိုင်ငံများ ဒီမိုကရက်တစ်မဟုတ်သောနိုင်ငံများ နိုင်ငံစုစုပေါင်း ရာခိုင်နှုန်း
၁၉၂၂/ပထမလှိုင်း (၁၈၂၈-၁၉၂၂) ၂၉ ၃၅ ၆၄ ၄၅ . ၃
၁၉၄၂/ပထမနောက်ပြန်လှိုင်း (၂၂-၄၂) ၁၂ ၄၉ ၆၁ ၁၉ . ၇
၁၉၆၂/ဒုတိယလှိုင်း (၁၉၄၃-၆၂) ၃၆ ၇၅ ၁၁၁ ၃၂ . ၎
၁၉၇၃/ဒု-နောက်ပြန်လှိုင်း (၁၉၅၈-၇၅) ၃၀ ၉၂ ၁၂၂ ၂၄ . ၆
၁၉၉၀/တတိယလှိုင်း (၁၉၇၄-၉၀) ၅၉ ၇၁ ၁၃၀ ၄၅ . ၎
၂၀၀၈/၂၁ ရာစု တတိယလှိုင်း ၈၀ ၈၇ ၁၆၇ ၄၇ . ၉

(၃)
တတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးကို ဆက်လက်ဦးဆောင်နေတဲ့ အိုဘားမား ရဲ့ ပထမဆုံး သမတဖြစ်တဲ့နေ့မှာ အစိုးရအဖွဲ့ဝန်ထမ်းတွေကို အမေရိကန်အစိုးရရဲ့အုပ်ချုပ်စီမံခန့်ခွဲရေးမှာ ဘယ်လိုစီမံခန့်ခွဲတယ်၊ ဆုံးဖြတ်ချက်ဘယ်လိုချတယ် ဆိုတာတွေကို ပြည်သူလူထုတွေ အတတ်နိုင်ဆုံး သိရှိအောင် ပွင့်လင်းမြင်သာမှုရှိတဲ့လုပ်ဆောင်မှုတွေနဲ့ တာဝန်ခံလုပ်ဆောင်ရမယ်လို့ ပြောလိုက်တာဟာ ၂၁ ရာစု လူငယ်ခေါင်း ဆောင်ရဲ့ တိကျတဲ့ ဒီမိုကရေနည်းကျခေါင်းဆောင်မှု ခြေလှမ်းအစပါ။ တတိယလှိုင်းကို မောရာကနေ နောက်ပြန်သွားအောင်လုပ်ချင်တဲ့ မြန်မာပြည် က အာဏာရူးကြီး သန်းရွှေ နဲ့ ဇင်ဘာဘွေက ရောဘတ်မူဂါဘီ တို့ကတော့ အဲဒီလိုစကားလုံးမျိုးကြားရင် နားထဲသံရည်ပူလောင်းခံသလို ဖြစ်နေမလားပဲ။
ဒါပေမဲ့ ကမ္ဘာ့နိယာမတွေထဲမှာ တခုဖြစ်တဲ့ လူသားအားလုံးဟာ ကမ္ဘာလောကပြောင်းလဲမှုအတိုင်း ပြောင်းလဲရွေ့လျားကြရတယ် ဆိုတဲ့အတိုင်း အပြောင်းအလဲကိုလက်မခံနိုင်တဲ့သူတွေဟာ ကမ္ဘာ့ပြည်သူလူထုတွေသီးခံနိုင်စွမ်းတဲ့အချိန်ကာလတခု ကျော်လွန်သွားရင်တော့ ပြောင်းလဲမှုရဲ့ ဒဏ်ခတ်ဝါးမျိုခြင်းကို မလွှဲမသွေခံကြရပါမှာပါပဲ။ ကျနော်တို့ရဲ့ ၂၁ ရာစု ကမ္ဘာဟာ အာဏာရှင်အသစ်တွေထွက်ပေါ်လာတာထက် အာဏာရှင် တွေပဲ ပုံစံအမျိုးမျိုးနဲ့ ဇီဝိန်ချုပ်တဲ့ ပြောင်းလဲမှုရေစီးကြောင်းက ပိုအားကောင်းနေတာကြောင့် အာဏာရှင်တွေ ဆက်တိုက်နိဂုံးချုပ်ရမှာပါပဲ။
ကျနော်တို့ မြန်မာပြည် ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးကို ပြန်ကောက်ကြည့်မယ်ဆိုရင် ဒုတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းရွေ့လျားမှုမှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်မှုနဲ့ ဒီမိုကရေစီအစပြုဖော်ဆောင်ခဲ့ကြတာပါ။ ဗိုလ်ချုပ်အပါအ၀င် အာဇာနည်ခေါင်း ဆောင်တွေလုပ်ကြံခံရပြီးတဲ့နောက်ပိုင်း ဒီမိုကရေစီအခြေခံအဆောက်အအုံအားနည်းမှု၊ လူနည်းစုနဲ့အခြေခံလူ့အခွင့်အရေးတွေ အသိအမှတ်ပြုမှု အားနည်းတာတွေကြောင့် ဆယ်စုနှစ်တခုလောက်ပဲ ဒီမိုကရေစီဝန်းကျင်ရှင်သန်ခဲ့ပြီး ၁၉၆၂ နောက်ပိုင်း ကမ္ဘာ့ဒီမိုကရေစီ ဒုတိယ နောက်ပြန်လှိုင်းနဲ့အတူ အာဏာရှင်အဆက်ဆက်လက်အောက်မှာ ဒီမိုကရေစီဆိတ်သုဉ်းခဲ့ရပါတယ်။
ဒုတိယ နောက်ပြန်လှိုင်းအားကုန်ပြီး တတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီး ၁၉၇၀ နောက်ပိုင်းမှာ အရှိန်အဟုန် အားကောင်းလာပြီး ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံတွေ အမြောက်အများထွက်လာပေမဲ့ မြန်မာပြည်ကြီးဟာ အာဏာရှင်ပုံစံတမျိုး ပြောင်းတဲ့ ဆိုရှယ်လစ်တပါတီအာဏာရှင် လက်အောက်မှာ အချိန်တော်တော်ကြာနစ်မွန်းနေခဲ့ရပါတယ်။ ဒီမိုကရေစီ အရသာသိနေပြီးသားဖြစ်တဲ့ မြန်မာပြည်သူလူထုကြီးဟာ တတိယလှိုင်းနဲ့အတူ ဒီမိုကရေစီဖော်ဆောင်ဖို့ ပုံစံအမျိုးမျိုးနဲ့လှုပ်ရှားလာခဲ့ကြပြီး အာဏာရှင်အဆုံးသတ်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြပါတယ်။
တတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးရဲ့ အရှိန်အဟုန်မှာ ဒီမိုကရေစီနိုင်ငံမဖြစ်နိုင်သေးတာတောင်မှ ဒီမိုကရေစီ ရေခံမြေခံတွေ မြန်မာပြည်မှာ ပြည့်နှက်နေခဲ့တာ ငြင်းမရတဲ့အားသာချက်ပါ။ အာဏာရှင်အဆက်ဆက်မှာ အလုပ်သမားလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုတွေ အကြိမ်ကြိမ် ဖြစ်ပေါ်လာခဲ့ပြီး၊ တပါတီအာဏာရှင်ကို ဖြုတ်ချလိုက်တဲ့ ကျောင်းသားအစပြု ပြည်သူလူထုတရပ်လုံးရဲ့ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုဟာ မြန်မာပြည်ကြီး တကယ့်တတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးထဲ ချဉ်းနင်းဝင်ရောက်စေခဲ့တာပါပဲ။ ဒါပေမဲ့ အားနည်းချက်အမျိုးမျိုးကြောင့် ကျနော်တို့ရဲ့ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီး နောက်ပြန်လည်သွားပြီး အာဏာရှင်စနစ်ဆီပြန်ကျခဲ့တာ ယနေ့အထိပါပဲ။
ကျောင်းသားအလွှာနဲ့ အခြေခံလူထုအလွှာ အသီးသီးရဲ့ ဒီမိုကရေစီလှုပ်ရှားမှုလှိုင်းကြီးဟာ ဖိနှိပ်ဖြိုခွဲမှုအမျိုးမျိုးတွေကြားကနေပဲ ဆက်လက် အရှိန် ကောင်းလာခဲ့ပြီး ၂၀၀၇ စက်တင်ဘာလမှာ ကမ္ဘာကိုအံ့အားသင့်တုန်လှုပ်စေခဲ့တဲ့ ရွှေဝါရောင် သံဃာလှုပ်ရှားမှုကြီးဟာ တကယ်အားကောင်းတဲ့ မြန်မာပြည်ရဲ့ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးပါပဲ။ ကျနော်တို့မြန်မာပြည်ကြီးမှာ ကျောင်းသား၊ သံဃာနဲ့ပြည်သူလူထုတို့ရဲ့ လှုပ်ရှားမှုအမျိုးမျိုး၊ ၈၈ မျိုးဆက်သစ်လူငယ်တွေ၊ လူထုဘက်ရပ်တည်တဲ့ တသီးပုဂ္ဂလနဲ့အဖွဲ့အစည်းတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားမှုအင်အားစုတွေ အစရှိတာတွေအားလုံးဟာ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းအတွက်အထောက်အကူဖြစ်စေမဲ့ ဒီမိုကရေစီရေခံ မြေခံကောင်းတွေလို့ သတ်မှတ်ရပါမယ်။

(၄)
ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းရွေ့လျားမှုနဲ့အတူ လိုက်ပါပြီး ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ခဲ့တဲ့နိုင်ငံတွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီနိုင်ငံတွေ မှာ ဒီမိုကရေစီနောက်ခံသမိုင်းအတွေ့အကြုံတွေနဲ့အတူ ဒီမိုကရေစီရေခံ မြေခံကောင်းတွေရှိနေတယ်ဆိုတာ တွေ့နိုင်ပါတယ်။ အဲဒီလို အခံကောင်း တွေမရှိရင် ဒီမိုကရေစီဖော်ဆောင်ရာမှာ အခက်အခဲတွေ အတားအဆီးတွေများတတ်တာ အီရတ် ဒီမိုကရက်တိုက်ဇေးရှင်းက အဓိကသက်သေပါ။ အမေရိကန်ကြီးက ဆက်ဒမ်ဟူစိန် အာဏာရှင်စနစ်ကြီးကိုချုပ်ငြိမ်းပေးပြီး၊ ဒီမိုကရက်တိုက်ဇေးရှင်းအတွက် ခြေလှမ်းတရပ် စတင်လိုက်ပေမဲ့ ဒီမိုကရက်တစ်အုပ်ချုပ်ရေး တပ်ဆင်အသက်သွင်းမှု၊ ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရား ကျစ်လစ်ခိုင်မာစေမှု ဆိုတဲ့အရာတွေလိုက်ပါမလာပဲ အဟန့်အတား အနှောင့်အယှက်မျိုးစုံကြုံတွေ့နေရတာဟာ အီရတ်မှာ နဂိုကတည်းက ဒီမိုကရေစီ ရေခံမြေခံအားနည်းနေလို့၊ မရှိခဲ့လို့ပါပဲ။
ကျနော်တို့ မြန်မာပြည်လွတ်မြောက်ရေးရဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို လေ့လာကြည့်မယ် ဆိုရင်လည်း၊ ဒီမိုကရေစီ ရေခံမြေခံရဲ့ အရေးပါအရာရောက်မှုတချို့ကို မြင်ရမှာပါ။ လွတ်လပ်မျှတပြီး တိုးတက်ဖွံ့ဖြိုးတဲ့ ပြည်ထောင်စုနိုင်ငံ၊ ပြည်နယ် ဖွဲ့စည်းဖို့ဆိုတာ ဒီမိုကရေစီနဲ့ အခြေခံလူ့အခွင့်အရေး မရှိပဲ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ လူနည်းစုအခွင့်အရေးပေးခဲ့တဲ့ ဆိုဗီယက်နဲ့ ယူဂိုဆလားဗီးယား ပြည်ထောင်စုတွေ အစိပ်စိပ် အမွှာမွှာပြိုကွဲကုန်တာဟာ အဲဒီပြည်ထောင်စုတွေမှာ ဒီမိုကရေစီ ရေခံမြေခံဆိတ်သုဉ်းခဲ့လို့ပါပဲ။ အဲဒီလိုပါပဲ ကျနော်တို့မြန်မာပြည်ရဲ့ တိုင်းရင်းသား အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာလည်း အာဏာရှင်ကိုဖြုတ်ချနိုင်ခဲ့ရင်တောင် ဒီမိုကရေစီ ရေခံမြေခံအားနည်းနေတာကြောင့် ပြည်သူ လူထုအတွက်စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ အခက်အခဲများစွာရှိပါတယ်။
တနည်းအားဖြင့်ပြောရရင်တော့ ဒီမိုကရေစီ အခြေခံအယူအဆတွေလက်ခံကျင့်သုံးမှု အားနည်းနေတဲ့ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုမျိုး ဖြစ်နေတာကြောင့် ကျနော်တို့စစ်မှန်တဲ့ပြည်ထောင်စုနိုင်ငံတည်ဆောက်တာ ခရီးမရောက်ပဲကြန့်ကြာနေရတာပါ။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအစဖြစ်တဲ့ အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့တဲ့ကာလကနေ ယနေ့ကာလအချိန်အထိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့ဟာ ပြည်သူလွတ်မြောက်ရေး၊ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးဆိုတာထက် နအဖ စစ်အုပ်စုရဲ့ကောက်ကျစ်မှုအမျိုးမျိုးအောက်မှာ ကိုယ့်အဖွဲ့အစည်း မပျက်အောင် တောင် မနည်းထိန်းနေရတာဟာ ဒီမိုကရေစီအခြေခံသဘောတရားပါတဲ့ စုပေါင်းခေါင်းဆောင်မှုတွေ အားနည်းလျော့ရဲ နေလို့ဆိုတာ ရှင်းပါတယ်။

အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွက် လက်နက်ကိုင်လမ်းစဉ်နဲ့အစပြုခဲ့တဲ့ တိုင်းရင်းသားတွေရဲ့တော်လှန်ရေးဟာ နည်းလမ်းပေါင်းစုံအသုံးပြုတဲ့နည်းဗျူဟာဆိုပေမဲ့ တကယ်ဗျူဟာမြောက်တဲ့ စစ်ရေးလှုပ်ရှားမှု၊ အကြမ်းမဖက်တဲ့လှုပ်ရှားမှု၊ ငြိမ်းချမ်းတဲ့နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုမျိုး ဖြစ်မလာပဲ အာဏာရှင်ကိုတိုက်နေကြတာ တိုက်နေတဲ့လူကိုယ်တိုင် ဗဟိုချုပ်ကိုင်မှုတင်းကြပ်လွန်းတဲ့ အာဏာရှင်သံသရာထဲလည်နေပါတယ်။ ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်ရှိတဲ့ပြည်နယ်၊ ပြည်ထောင်စုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအခြေခံတွေမရှိဘူးဆိုရင် ဘယ်လိုမှ တည်ဆောက်လို့မရဘူးဆိုတာ သေချာနေတာကြောင့် ကျနော်တို့တိုင်းရင်းသားတွေဟာ ဒီမိုကရေစီ ရေခံမြေခံတွေ အခြေခံကောင်းအောင် တည်ဆောက်ပြီး တတိယဒီမိုကရေစီတိုက်ဇေးရှင်းလှိုင်းအရှိန်ကို အမှီလိုက်ရမှာဖြစ်ပါတယ်။
အာဏာရှင်ပြုတ်သွားပေမဲ့ မငြိမ်းချမ်းနိုင်သေးတဲ့ အီရတ်လို ကာလတာရှည်စွာ ဒီမိုကရေစီတုန့်ဆိုင်းနေရတာမျိုး ကျနော်တို့အဖြစ်မခံနိုင်ပါဘူး။ ဒုတိယ ဒီမိုကရေစီလှိုင်း ထဲအရှိန်ကောင်းကောင်းနဲ့လိုက်ပါနေတုန်း၊ အကြောင်းအမျိုးမျိုးကြောင့် မြင်းကောင်းခွာလိပ်ဖြစ်ပြီး ဒုတိယလှိုင်းနောက်ပြန် စီးခဲ့ရတဲ့ မြန်မာပြည်ရဲ့ ၁၉၄၈-၆၂ ဒီမိုကရေစီကာလမျိုး နောက်ထပ်တခါအဖြစ်မခံနိုင်ပါဘူး။ ပြည်ထောင်စုနိုင်ငံတည်ဆောက်ဖို့ဆိုရင် တိုင်းရင်းသား ပြည်သူတရပ်လုံး ဒီမိုကရေစီအခြေခံအယူအဆတွေ ကောင်းကောင်းနားလည်ကျင့်သုံးပြီး ဒီမိုကရေစီအဆောက်အအုံတွေ ဖွံ့ဖြိုးအောင်လုပ်ရပါမယ်။
(၅)
ဘက်ပေါင်းစုံ ဖိအားနဲ့လှုပ်ရှားမှုတွေ အကြောင်းညီညွတ်လို့ ဒီကနေ့အချိန်မှာပဲ နအဖ စစ်အာဏာရှင်ပြုတ်သွားပြီ ဆိုပါစို့၊ ဒီမိုကရေစီတိုက်ဇေးရှင်းလှိုင်းရဲ့ ခြေလှမ်းတလှမ်းပြီးသွားတဲ့နောက် ဒီမိုကရက်တစ်အုပ်ချုပ်ရေး တပ်ဆင်အသက်သွင်းမှု၊ ဒီမိုကရေစီအုပ်ချုပ်ရေးယန္တရား ကျစ်လစ်ခိုင်မာစေမှုဆိုတဲ့ အရေးကြီးတဲ့ခြေလှမ်းတွေ ထပ်လှမ်းဖို့ ကျနော်တို့ တိုင်းရင်းသားတွေအဆင်သင့်ဖြစ်ရဲ့လား။ ပြင်ဆင်ထားပြီးပြီလား။ ကျနော်တို့ ပလောင် လူမျိုးတွေကော ဒီမိုကရေစီဖော်ဆောင်ရေးထဲ လိုက်ပါဖို့ ဘာတွေပြင်ထားသလဲ။ တကယ်အားကောင်းတဲ့ ဒီမိုကရေစီတိုက်ဇေးရှင်းလှိုင်း အများစု ဟာ အခြားပြင်ဆင်သင့်တာတွေ အသင့်တင့်ဖြစ်ပြီး ဒီမိုကရေစီရေခံမြေခံရှိလာမှသာ အာဏာရှင် ပြုတ်သွားကြတာများပါတယ်။
အာဏာရှင်တွေဘယ်လိုပဲဖမ်းဖမ်း၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ဘယ်လိုပဲဖြိုခွင်းနှိမ်နှင်းနေပါစေ၊ ဂန္ဓီမူအရ အကြမ်းမဖက်ပဲလူထုလှုပ်ရှားမှုတွေဆက် တိုက်ဖော်ဆောင်တာမျိုး တခုတည်းကိုပဲ ဒီမိုကရေစီ ရေခံမြေခံအဖြစ် သတ်မှတ်တာမဟုတ်ပါဘူး။ ကျနော်တို့ တော်လှန်ရေးနဲ့လူထု အဖွဲ့အစည်းတွေ ဟာ ဒီမိုကရေစီနဲ့ အခြေခံ လူ့အခွင့်ရေးသဘောတရားကို လက်ခံကျင့်သုံးပြီး၊ ပွင့်လင်းမြင်သာတဲ့တာဝန်ခံအုပ်ချုပ်မှုမျိုးကို ကျနော်တို့အဖွဲ့အစည်း တွေမှာ တော်လှန်ရေးအသိုင်းအ၀ိုင်းမှာ ဒီမိုကရေစီနည်းကျဖော်ဆောင်ကျင့်သုံးသွားခြင်းဟာ အဓိကအရေးပါတဲ့ ဒီမိုကရေစီရေခံမြေခံ ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ပြည်သူလူထုတွေကိုယ်တိုင်က ကိုယ့်အခွင့်အရေးတွေ ချိုးဖောက်နေတာကို ဘယ်လိုကာကွယ်ရမလဲ၊ ဆိတ်သုဉ်းနေတဲ့ အခွင့်အရေးတွေရရှိအောင် ကိုယ်ကိုယ်တိုင် ဘယ်လိုလုပ်မလဲ ဆိုတာတွေသိရှိနားလည် လုပ်ဆောင်လာတတ်ကြမယ်ဆိုရင် ဒါဟာ တကယ့်ကြီးမားတဲ့ ဒီမိုကရေစီရေခံမြေခံပါ။
ဒါဆိုရင် ကျနော်တို့ ပလောင်လူမျိုးတွေ အခြားလူမျိုးတွေနဲ့အတူမြန်မာပြည်ဒီမိုကရေစီဖော်ဆောင်ရေးမှာ အဆင်သင့်လိုက်ပါအောင် ဘာတွေလုပ်ဖို့လိုသလဲ။ ဘာတွေလုပ်နေပြီလဲ။ ကျနော်တို့လုပ်သင့်သာကို သေချာသိအောင်လုပ်ပြီးပြီဆိုရင်တော့ လုပ်နေတဲ့အလုပ်နဲ့ မလုပ်ရသေးတဲ့ အလုပ်တွေကို ဆထက်တိုးလုပ်ရတော့ပါမယ်။ အဲဒီလိုလုပ်ရမဲ့လူ၊ လုပ်နေတဲ့လူ အဖွဲ့အစည်းတွေကိုစာရင်းပြုကြည့်မယ်ဆိုရင် ပြည်တွင်းဖွံ့ဖြိုးတဲ့ နေရာဒေသ (ရန်ကုန်၊ မန္တလေး အစရှိတဲ့ဒေသ) တွေမှာ ပညာရှာသူ၊ စီးပွားရေးလုပ်သူ၊ နေထိုင်အခြေချသူတွေ၊ ပလောင်လူမှုရေးအသင်းအဖွဲ့တွေ၊ ပြည်တွင်းပြည်ပနိုင်ငံရေးအဖွဲ့တွေ၊ အလွှာပေါင်းစုံက ပလောင်ပြည်သူလူထုတွေ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါတယ်။
လုပ်ရမဲ့လုပ်ငန်းတွေကတော့ အကြမ်းအားဖြင့် အနည်းဆုံး ကဏ္ဍနှစ်ခု ရှိနိုင်ပါတယ်။ စာရင်းပြုထားတဲ့လူတွေအားလုံး ရှုထောင့်အမျိုးမျိုးကနေလုပ် ဆောင်နိုင်တဲ့ လက်တွေ့ယခုပစ္စုပ္ပန်ကာလကနေ စတင်ပြီး လက်တွေ့လုပ်ဆောင်သွားရမဲ့ ဒီမိုကရေစီဖော်ဆောင်ရေးအလုပ်တွေ၊ နောက်တခု ကတော့ အခုကတည်းကနေ အနာဂတ်အတွက် ကြိုတင် လုပ်ဆောင်ပြင်ဆင်ထားရမဲ့အလုပ်တွေပဲ ဖြစ်ပါတယ်။
ဒီမိုကရေစီ လက်တွေ့ဖော်ဆောင်ရမဲ့အလုပ်အတွက် နေရာဒေသအသီးသီးမှာရှိတဲ့ ပလောင်ပြည်သူလူထုကို နိုင်ငံရေးအသိတွေ တက်ကြွအောင် လှုံ့ဆော်ပြီး၊ ကိုယ့်အခွင့်အရေးကို ကိုယ်ကိုယ်တိုင်နားလည်သိရှိပြီး ရရှိအောင်၊ မဆုံးရှူံးသွားအောင် ကိုယ်တိုင်ကာကွယ်ဆောင်ရွက် တတ်လာအောင် စည်းရုံးလှုပ်ရှားရပါမယ်။ ပြီးတော့ သက်ဆိုင်ရာဒေသအသီးသီးမှာရှိတဲ့ ပလောင်လူမျိုးတွေ ပညာရေး၊ ကျန်းမာရေး၊ သာရေးနာရေး၊ လူမှုရေး၊ စီပွားရေး ကဏ္ဍအသီးသီးမှာ ပလောင်အချင်းချင်းစုပေါင်းလုပ်ဆောင်ဖြေရှင်းတတ်တဲ့ အကျင့်နဲ့ စုဖွဲ့မှုမျိုးအားကောင်းလာအောင် အစပြုလုပ်ဆောင်ရပါမယ်။ လွတ်လပ်တဲ့ပလောင်အသင်းအပင်းအဖွဲ့စည်းတွေ ရှင်သန်အားကောင်းအောင်လုပ်ရပါမယ်။
နိုင်ငံရေးအဖွဲ့တွေဘက်ကလည်း လုပ်နေဆဲစည်းရုံးရေးအလုပ်တွေကို ဒီမိုကရေစီ အားကောင်းရေးဘက်ကို ပိုဦးတည်လှုပ်ရှားသင့်ပါတယ်။ ပလောင် လူငယ်၊ အမျိုးသမီးတွေ၊ လွတ်မြောက်ရေးတပ်ဦးတွေက ပလောင်ပြည်သူကို နိုင်ငံရေး၊ လူ့အခွင့်အရေးသိရှိနားလည်အောင် လက်တွေ့ကျကျလုပ်ဆောင်ရပါမယ်။ နိုင်ငံရေး၊ လူ့အခွင့်ရေးနဲ့ အခြားဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းတွေ၊ လှုပ်ရှားမှုကမ်ပိန်းတွေကို ပလောင်ပြည်သူတွေ ပိုမိုနားလည် ပူးပေါင်းလာအောင် အဆက်မပျက်လုပ်ဆောင်ရပါမယ်။ မိမိရဲ့အခြေခံလွတ်လပ်ခွင့် အခွင့်အရေးတွေကို သိရှိနားလည်လာပြီး လက်လွတ် ဆုံးရှူံးမှုတွေ ဖြစ်မသွားအောင် ကာကွယ်နိုင်မဲ့နည်းလမ်းတွေ ပြည်သူလူထုတွေကို ဖန်တီးချပြ ဦးဆောင်ရပါမယ်။
သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးမှာရှိတဲ့ လူငယ်၊ အမျိုးသမီးနဲ့ နိုင်ငံရေးအဖွဲ့ဝင် အားလုံးလက်တွေ့ကျကျလုပ်ဆောင်ကျင့်သုံးရမဲ့ နောက်ထပ် အရေးကြီးတဲ့ကိစ္စတခုကတော့ မိမိတို့ရဲ့ အဖွဲ့အစည်းကို အတတ်နိုင်ဆုံး ဒီမိုကရေစီနည်းလမ်းကျကျဖော်ဆောင်ကျင့်သုံးပြီး၊ အားလုံးရဲ့ဆန္ဒကို ပါဝင် ထင်ဟပ်နိုင်အောင် ပွင့်လင်းမြင်သာပြီး တာဝန်ခံမှုအပြည့်ရှိတဲ့ စီမံအုပ်ချုပ်မှုတွေနဲ့ အမျိုးသားလွတ်မြောက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။ အခုကတည်းက ကျနော်တို့ အဖွဲ့အစည်းအသီးသီးဟာ နိုင်ငံရေးသီးခံမှု၊ နိုင်ငံရေးရင့်ကျက်မှု၊ အများဆန္ဒရယူပြီး အနည်းစုဆန္ဒကို လေးစားတဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော်လုပ်ဆောင်ရပါမယ်။
တော်လှန်ရေးကာလမှာ အဲဒီလိုလုပ်ဆောင်ဖို့ အခက်အခဲများစွာရှိနိုင်ပေမဲ့ အဖွဲ့ဝင်အသီးသီးရဲ့ပါဝင်ပတ်သက်မှုတွေကို အတတ်နိုင်ဆုံးရရှိအောင် စည်းရုံးလုပ်ဆောင်ရေး ဟာ လက်ရှိ အဖွဲ့အစည်းအသီးသီးမှာ တာဝန်ကျနေတဲ့ ခေါင်းဆောင်းတွေအပြင် နောက်လိုက်အဖွဲ့ဝင်တွေအားလုံးမှာ တာဝန်ရှိပါတယ်။ ဒိန်းမတ် က ပညာရှင် တယောက် ထောက်ပြတာကတော့ ‘အာဏာရှင်စနစ်အုပ်ချုပ်ရေးအတွက် အကောင်းဆုံလက်နက်က လျို့ဝှက်ရေးဖြစ်ပေမဲ့၊ ဒီမိုကရေစီ ရဲ့ အကောင်းဆုံးလက်နက်ကတော့ ပွင့်လင်းမြင်သာမှု ဖြစ်ပါတယ်’ ဆိုတဲ့အတိုင်း ရိုးသားပွင့်လင်းမြင်သာတဲ့ လုပ်ဆောင်မှု ဟာ ကျနော်တို့အတွက် တကယ်အကျိုးရှိပြီး ကျနော်တို့တတွေဟာ လက်တွေ့ ဒီမိုကရေစီ ကျင့်သုံး နေတာပါပဲ။
အနာဂတ်အတွက်ကြိုတင်လုပ်ဆောင်ပြင်ဆင်ထားရမဲ့အလုပ်တွေကတော့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး စတဲ့နယ်ပယ် အသီးသီးဖွံ့ဖြိုးဖို့ ကျနော်တို့အခုကတည်းက အချိန်တွေ ဘ၀တွေပေးဆပ်ရင်းနှီးမြှပ်နှံထားရမှာပါ။ နှောင်ဆယ်နှစ်အကြာ သို့မဟုတ် အာဏာရှင် ပြုတ်သွားလို့ ပလောင်လူမျိုးတွေ ကိုယ့်ကြမ္မာကို ကိုယ်တိုင် ဖန်တီးခွင့် ရပြီဆိုရင် သက်ဆိုင်ရာကဏ္ဍအသီးသီး ခေတ်နဲ့အညီဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျနော်တို့ပြင်ဆင်ထားရပါမယ်။ အစောပိုင်းတုန်းက လက်တွေ့ပြင်ဆင်မှုတွေအပြင် အနာဂတ်အတွက် မရှိမဖြစ် ကြိုတင်ပြင်ဆင်ထားရမှာကတော့ ကျနော်တို့ပလောင်လူမျိုးအတွက် လူသားအရင်းအမြစ်တွေ တိုးတက်ဖွံ့ဖြိုးအောင် ရင်းနှီးလုပ်ဆောင်တာပါပဲ။
ပြည်တွင်းပြည်ပမှာရှိနေတဲ့ ကျနော်တို့ ပလောင်လူငယ်တွေကို ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အစရှိတဲ့ဘာသာရပ်တွေမှာ တတ်ကျွမ်းနားလည်အောင် အခုကတည်းက အခွင့်အလမ်းတွေဖန်တီးတည်ဆောက်ပေးပြီး၊ ကျွမ်းကျင်သူပါရဂူတွေဖြစ်တဲ့အထိ အချိန်ပေးရင်းနှီးထားရပါမယ်။ ကျနော်တို့ ပလောင်လူမျိုးဟာ အခြားလူမျိုးတွေနဲ့နှိုင်းယှဉ်ရင် ဘာသာရပ်တခုခုကိုတကယ်ကျွမ်းကျင်ပိုင်နိုင်တဲ့ ပုဂ္ဂိုလ် မရှိသလောက် တကယ်ရှားပါတယ်။ ဆိုကြပါစို့ ကျနော်တို့ ပလောင်ဒေသ စီးပွားဖွံ့ဖြိုးဖို့ စီးပွားရေးသမားနဲ့ နိုင်ငံရေးသမားတွေပဲ တာဝန်ရှိတာ မဟုတ်ပဲ၊ တကယ် စီးပွားရေးတတ်ကျွမ်းနားလည်တဲ့ စီးပွားရေးပညာရှင်တွေကနေ အသေအချာ သုတေသနပြုပြီး ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ကျနော်တို့ ပလောင် ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့ အဖြေမှန်ပိုရနိုင်မှာပါ။ အဲဒီလိုပဲ အခြားကဏ္ဍအသီးသီးမှာ ပညာသင်ရင်းနှီးမြှပ်နှံထားရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ အရှိန်မြှင့်ရွေ့လျားနေတဲ့ တတိယ ဒီမိုကရက်တိုက်ဇေးရှင်းလှိုင်းကြီးထဲ ကျနော်တို့ ပလောင်လမျိုးတွေ လိုက်ပါနိုင်အောင်၊ အကယ်၍ တတိယလှိုင်းကြီး မောပမ်းတုန့်ဆိုင်းခဲ့ရင်တောင် ကျနော်တို့ ပလောင်လူမျိုးတွေဟာ ဆက်လက်ပြီး ဒီမိုကရေစီဖော်ဆောင်နိုင်အောင် အနာဂတ် အတွက် ကြိုတင်ပြင်ဆင်ရမဲ့လုပ်ငန်းစဉ်နဲ့ အခုလက်တွေ့ ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေကို အားကျိုးမာန်တက် လုပ်ဆောင်ဖို့တကယ်အရေးကြီးပါတယ်။ သေချာတာကတော့ ကျနော်တို့ရဲ့ မှိုင်းမှုန်ပြာတအာင်းတောင်တန်းကြီးတွေအထိ ဒီမိုကရေစီလှိုင်းကြီး လွှမ်းမိုးစီးဆင်းလာဖို့ ဆိုရင် ဦးစားပေးလုပ်ရမှာကတော့ ကျနော်တို့ ပလောင်တော်လှန်ရေးအင်အားစု၊ ပလောင်ပြည်သူလူထုတွေကို ဒီမိုကရေစီ စတင်ကျင့်သုံး အကောင်အထည်ဖော်ရင်း၊ အနာဂတ်အတွက်ကြိုတင်ပြင်ဆင်ရင်း၊ နအဖ စစ်အာဏာရှင်ကို ၀ိုင်းဝန်းဖယ်ရှားဖြုတ်ချပစ်ဖို့ဖြစ်တယ် လို့ ရိုးသားစွာ အကြံပြုတင်ပြလိုက်ပါတယ်။
၂၅၊ ၀၁၊ ၂၀၀၉ (တနင်္ဂနွေနေ့)
မှီငြမ်းကိုးကားကျမ်း။ ၁။ ဒီဇင်ဘာလထုတ် အလင်းရနံ့ဂျာနယ်
၂။ Democracy Index 2008 by Economist Intelligence Unit of CIA
0 comments:
Post a Comment