Tuesday, April 23, 2013

တော်လှန်ရေးဘ၀ ပြန်နလန်ထူခြင်း

M22 သေနတ် သူ့ဖခုံးပေါ်မှာ ချိတ်လျှက်။
ဘယ်တော့မှ လွတ်ကျမသွားအောင် သူ့လက်တွေက မြဲမြဲမြံမြံ။ 

နီရဲရဲ တံဆိပ်ပေါ်မှာ ဓါးနှစ်လက်ကြက် ခြေခတ်နဲ့ T.N.L.A၊ ညာဘက်မှာက တောင်ပြာတန်းနဲ့ လက်ဖက်ညွန့်အပေါ် အလင်းရောင်ထွန်းတောက်တဲ့ အဖနေမင်း-T.N.L.A Amry အမှတ်တံဆိပ်။ တလကျော်ကျော် မှာ ယူနီဖောင်းကတစုံတည်းမို့ အရောင်တွေကလွင့်၊ အောက်ခြေဖျား ကလည်းပွင့်၊ အစိမ်းရင့်ရောင်သူယူနီဖောင်းက ခပ်ညစ်ညစ်၊ သူ့အပြုံး သူ့မျက်နှာက ဆယ်စုနှစ်တခု ကြာ တော်လှန်ရေး တပ်သားကောင်းတစ်ယောက် အလား။





“ဘယ်လိုလဲ အလျို့ထဲ့ ရည်စားဟောင်းကို လွမ်းသေးလား”
“ ဟာ မေ့နေပါပြီ ဗိုလ်ကြီး” 
“သေချာလား မေ့တာ” 
“တကယ်ပါ -ကျနော်မေ့နေပါပြီ ဘာလို့မမေ့နိုင်ရမှာလဲ ငယ်ငယ်ကတည်းက စို့တဲ့ အမေ့နိုးတောင် မေ့နိုင်တာပဲ သူ့ကို ဘာလို့မမေ့နိုင်ရမှာလဲ အစတော့ နဲနဲ လွမ်းသလို နေရခက်တာပေါ့”
“အေး ဆေးကော သောက်သေးလား မနက်-၂၊ နေ့လည်၂၊ ည-၃ နော်” 

“ဟာ ကျနော် ဆေးမလိုတော့ဘူး ဆေးဗူးတ၀က် လောက်မကုန်ခင်ကတည်းက ကျနော်နေနိုင်ပြီ ကျနော့်စိတ်ကို နိုင်အောင်ပိုင်းဖြတ် ထားပါပြီ ဗိုလ်ကြီး”

ဒီတစ်ခေါက်စည်းရုံးရေး ခရီးစဉ်မှာ အင်အားသစ်စုဆောင်းတာ မူးယစ်ဆေးဝါး ကျေးကျွန်တွေက တ၀က်ကျော်တယ်။ ၂၀၀၅ လက်နက်အပ်ပြီးကတည်းက ငြိမ်းချမ်း သွားပြီလို့ပြောတဲ့ ပလောင်ပြည်မှာ တအာင်းတောင်တန်းတွေမှာ ဘိန်းပွင့်တွေ ဝေဆာအောင် သူတို့မသိကျိုးကျွံပြုထားတယ်၊ တအာင်း ရွာလုံးကျွတ် ဘိန်းကျွန်ဖြစ်တာ၊ တရွာ၊ နှစ်ရွာ၊ ရွာပေါင်းမြောက်များစွာ။ P.S.L.A ရဲဘော် အရာရှိ အရာခံ ထက်ဝက်ကျော် အားလုံးဘိန်းစားဖြစ်ကုန်တယ်။ ဘိန်းစား ပလောင်စစ်သားဟောင်းတွေ၊ နောက် ဆယ် ကျော်သက် တွေလဲ ဘိန်းစား။ ရုပ်ရည်က သနားကမား ဘိန်းမရှူရရင် မနေနိုင်။

ဒီလို ဘိန်းကျေးကျွန် ယဉ်ကျေးမှုထွန်းကားတော့ နိုင်ငံရေး လူမျိုးရေး လုပ်မဲ့သူ ဘယ်ဆီမှာလဲ။ ယူနီဖောင်းဝတ် တအာင်းတပ်ဖွဲ့သစ် ရွာထဲဝင်တော့ အသက်ပေးဆပ် လိုက်ပါမယ်ပြောတာ အဲဒီ ဘိန်းစားတွေ အရင်ပါ။ တချို့က ရဲဘော်ဟောင်း။ တချို့က ရဲဘော်သစ်။  အလျို့ထေဲးက P.S.L.A တပ်ဖွဲ့လက်ထက်က ဒုတပ်ကြပ်၊ အဖွဲ့စည်းမရှိတော့ တဲ့နောက်ပိုင်း ရွာပြန်တော့ အသက် ၂၅ နှစ်။ ၇နှစ်လုံးလုံး စိတ်ပျက်လက်ပျက် ဘိန်းရှူခဲ့တာ၊ ရွာမှာနေ၊ ရွာအကျိုး၊ ရပ်ရေးရွာရေး၊ အိမ်တွင်းရေး၊ ဘာတစ်ခုမှ သုံးမရ၊ အပစ်ပယ်ခံ ဘိန်းစားဘ၀။ ဒါပေမဲ့ သူ့ရဲ့ မျိုးချစ်စိတ်ဓာတ်ကို ပစ်ပယ်လို့မရတာ ရွာထဲက လူတွေ မသိဘူး။

 အခုတော့ တအာင်းတပ်တွေ သူ့ရွာထဲ မရောက်သေးဘူး။ ဟိုဘက်ရွာထိ သူလိုက် သွားပြီး သေနတ်ပြန်ကိုင်ဖို့ တောင်းဆိုတယ်။ ဘိန်းလည်းဖြတ်မယ်တဲ့၊ သူ့ကတိ။ ဒီလိုပါပဲ တပ်တည်စမို့ ရဲဘော်ဟောင်းတွေ လာပူးပေါင်းတာ တတပ်တအား။ သင်တန်းပေးဖို့ မလိုတော့ဘူး။ ယူနီဖောင်းထုတ်ပေး သေနတ်ပေး တာဝန်တပ်ရုံပဲ။ အလျို့ထေဲး၊ အခု တပ်ကြပ်ဖြစ်သွားပြီ။ ၇ နှစ်ကြာသုံးခဲ့တဲ့ ဘိန်းကို စစ်ဆင်ရေး စည်းရုံးရေး ခရီးစဉ် ၃ ပတ် အတွင်း သူဖြတ်နိုင်ခဲ့တယ်။ သူနဲ့ ဘ၀တူ ဘိန်းစားတွေ အတွက် စံပြရဲဘော်။ သူတို့ကို တပ်ထဲခေါ်သွင်း လက်ခံတော့ အားလုံးရဲ့ အပြစ်တင်သံ မိုးထက်ညံလို့။ တပ်တည်စ၊ ငွေ၊ အချိန်-နေရာ အကန့်အသတ်ကြားမှာ ဘယ်လို ဘိန်းဖြတ်မလဲ ဘိန်းစားတွေ ဘိန်းဖြတ်တာ လွယ်တဲ့အလုပ်မဟုတ်ဘူးတဲ့။ သိပါတယ် တကယ်မလွယ်ပါဘူး။

အခု ဘိန်းစားသူ ၁၀ ယောက်မှာ ၅ ယောက်သို့ ၃ ယောက်လောက်တော့ ရဲဘော် ကောင်းပြန်ဖြစ်မယ်လို့ ယုံကြည်တယ်လေ။ နောက်ဆုံးသံဓိာန်တခု ကတော့ ဒီဘိန်းကျေးကျွန်ဖြစ်နေသူတွေကို ကယ်ထုတ်ဖို့ တာဝန် T.N.L.A မှာရှိတယ်။ တအာင်းတပ်ထဲ မ၀င်လဲ ဘိန်းဖြတ်ပေးရမှာပဲ။ ပြီးတော့ ပလောင် တအာင်း တော်လှန်ရေးအတွက် အသက်စွန့် ဘ၀ပေးပြီးလုပ်ခဲ့ရတဲ့ ရဲဘော်ကြီးတွေ လက်နက်မဲ့ အဖွဲ့စည်းမဲ့လို့ ရွာပြန်နေရပြီး ဘ၀ ပျက်တာ လက်ခံလို့မရဘူး။ 

တော်လှန်ရေး အကျိုးမရှိဘူး။ ဘ၀ပျက်တာပဲ အဖက်တင်တယ်ဆိုတဲ့ အတွေးခေါ် ပြည်သူလူထုတွေမှာ မစွဲကပ်စေချင်ဘူး။ ဒါကြောင့် ရဲဘော်ဟောင်းကြီး အသက်လေး ဆယ်ကျော်၊ ငါးဆယ်ကျော်လည်းနဂိုရာထူး ပေးပြီးပြန်ခေါ်၊ ဆေးဖြတ်တာဝန်အပ်ရမှာပဲ၊ အခုတော့ ခရီးစဉ်ပြန်လာပြီး တပတ်ကျော်အကြာ နောက်ခရီးစဉ် ထွက်ဖို့ ရာထူးအသစ် တိုးတဲ့ အလျို့ထေဲးက တက်တက်ကြွကြွ။ သူကော သူနဲ့ဘ၀တူတွေ ရှေ့လတုန်းက မျက်နှာနဲ့မတူတော့ဘူး။ တော်လှန်ရေးတပ်သားရုပ်၊ သန့်ပြန့်လာပြီ။


လက်ထဲက M22 သေနတ်။ ချပ်ယပ်တဲ့ ယူနီဖောင်း၊ ဗုံး၊ ရေဗူးတွဲလောင်း၊ အီကွေးမန့်၊ အလျို့ထေဲး တကယ့်တော်လှန်ရေးသမားဘ၀ ပြန်ရောက်ပြီ ယုံကြည်ပါတယ်။ တလ၊ နှစ်လ။ သေချာ ကြပ်မတ်ရင် သူတို့အားလုံး ဘိန်းကျေးကျွန် ဘ၀ဟောင်းကနေပြောင်းပြီး အခြားလူမျိုးရဲ့ ကျေးကျွန်ဖြစ်တော့မဲ့ တအာင်းလူမျိုးကို ကယ်တင်နိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်။

                        ဖိုမ်ငါမ်(ကုင်ဆိုရ်မျံမ်)
                        ၁၇-၀၃-၂၀၁၂
                        ၂၃း၄၅ နာရီ

0 comments:

Post a Comment