Wednesday, April 24, 2013

မျက်ဝန်းစိုစို-အမေအို


လယ်သလင်းမှာ သိမ်းထားတဲ့စပါးတွေ နေရာပြောင်းရမယ်၊ ဘယ်ကို ပြောင်းရမှာလဲ။
 
လုံခြုံတဲ့နေရာ… စစ်မက်ဖြစ်နေတဲ့ ဒေသအတွက် လုံခြုံတဲ့နေရာက ဘယ်လိုနေရာလဲ။ အမေအို ကပြောတယ် အခုခိုလုံနေတဲ့ အိမ်ဆိုတဲ့ နေရာဟာ မလုံခြုံဘူးတဲ့၊

 မိုးလင်းရာက မိုးချုပ် ထိ နေထိုင်သွားလာစားသောက် နေထိုင်ရတဲ့ အိမ်ကိုတောင် မလုံခြုံနိုင်တော့ဘူးလား။ အော်…ဘ၀ လုံခြုံမှု ကင်းမဲ့ခြင်း။






အမေအိုရဲ့အိမ်က အမေအိုလိုပဲ အိုနေပေမဲ့ ခိုင်ခံ့ပါတယ်။ ပျဉ်ထောင်အိမ်၊ သွပ်မိုး၊ ဆယ်စုနှစ် လေး၊ ငါး စု လောက် ဖြတ်သန်းပြီးတဲ့အိမ်ဆိုတော့ မီးခိုးကြပ်ခိုးရိုက်လို့ မဲချိပ်နေတာ ဘယ်ပိုးမှ မထိုးဘူး။ ဒါပေမဲ့ အမေအိုရဲ့ အိမ်မှာ အိမ်လယ်ခေါင် ဘယ်ညာမီးဖို နှစ်ခု ရေနွေးက ဆူပွက်… ၀ါးဗူးဝက ဆူထွက် ဖိတ်ကျလို့။ အိုးမဲမဲက နှစ်လုံး သုံးလုံး၊ ပန်းကန်ပြားက ၄-၅ ချပ် အမေအိုနဲ့ မြေးသုံးယောက်၊ ပရိဘောဂ အသုံးဆောင် ဗလာနတ္ထိ။ မြေဆွေးရောင်ဆောင်ကြမ်း၊ သေးနံ့တွေဟောင်လို့၊ ဒီမှာ ကောင်းတာဘာမှ ထားလို့မရဘူး၊ သူတို့လာရင် အားလုံးလိုချင်တာ ကောင်းတာတွေ ယူသွား တတ်တယ် လေ၊ 

သူတို့၊ သူတို့ ဆိုတာ...  
အမေအိုရဲ့ ဆန်တောင်းထဲမှာ အမေအိုနဲ့ ကလေးငယ်တွေ စားဖို့ နှစ်ရက်-သုံးရက်စာ၊ အမေအိုရဲ့ အိမ်မှာ ဗလာခင်းကျင်း၊
 သားသုံးယောက်နဲ့ ချွေးမတွေက တောထဲ တောင်ယာထဲ လုံခြုံရာနေရာမှာတဲ့။ သမီးလေးကတော့ အိမ်ထောင်ကျလို့ သျှောင်နောက်ဆံထုံးပါ။ အမေအိုရဲ့ ဘ၀အားကိုးဖော် ၈၀ ကျော်အဖိုးက လယ်တောကစပါး လုံခြုံရာကို ထားဖို့ သားတွေနဲ့အတူ ...

အမေအိုရဲ့ အိမ်မှာ ဘာမှ မရှိဘူး။ အိမ်တွင်းဗာဟီရ ပရိဘောဂ။ တိုင်ပင်ဖော် ခိုင်းဖော် သားသမီး တိတ်ဆိတ်လို့။ ၃ နှစ်နဲ့ ၄ နှစ်ကျော် မြေးငယ်နှစ်ယောက်က ပြေးဆော့လို့၊ နောက်သုံးနှစ်အရွယ် ကလေးငယ်က မီးဖိုနဘေး ကွေးကွေးလေး ဖျားနေတာ တပတ်ကျော်ပြီတဲ့။

အမေအိုရဲ့ အိမ်မှာ ဘာမှ မရှိဘူး။ လုံခြုံမှုလဲ မရှိဘူး။ ဒါပေမဲ့ ကေအိုင်အေ တပ်သားတွေ ကို SSA တပ်သားတွေကို ဟော အခု TNLA တပ်သားတွေကို အမေအို ဆန်တွေ ဆားတွေ မျှပေးတယ်။ ဆွန်ထန်-မုန်းညင်းခြောက်-ညောင်ချဉ်ခြောက် ရှိတာ ချပေးတယ်။ ဗမာစစ်သားတွေ လာရင်တော့ အမေအို အိမ်က ဖရိုဖရဲ ဟိုတစ ဒီတစ မွေနှောက်ရှာဖွေ ယူငင်ကြ။

အမေအိုရဲ့ ရွာမှာ အမေအိုရဲ့ အိမ်လို ခပ်တောင့်တောင့် ဆယ်အိမ်မကရှိတယ်။ ခပ်ဆုတ်ဆုတ် တဲကုပ်သာသာ နှစ်ဆယ် သုံးဆယ်… အဲဒီအိမ်တွေလည်း အမေအိုရဲ့ အိမ်လိုပါဘဲ ဗလာနတိ။ အိမ်လယ်ခေါင်မီးဖို ထင်းကြီးမီးစွဲလို့။ တချို့အိမ်က လူသူနတိ။ သခင်မဲ့ ခွေးကြောင် အီသီယိုးပီးယားကနေ အလည်ပြန်လာသလို နံရိုးနှစ်ဘက် အရိုးပြိုင်းပြိုင်းထွက်၊ အော် ဒီဒေသမှာ စစ်သလင်းခင်းတာ ဆယ်လကြာပြီ နှစ်လည် တော့မယ်လေ။

အမေအို ဘုရားကန်တော့ဖို့ ဘုန်းကြီးကျောင်းတော့ ရှိတယ်။ ဘုန်းကြီးကျောင်းလဲ အမေအိုအိမ်လိုပါပဲ။ တအာင်းရိုးရာ ပန်းဆွဲတွေ ၀ါးတိုင်တွေကတော့ တိုးလို့တွဲလောင်း တန်းဖိုးကြီးတဲ့ဟာတော့ ဘုရားကျောက်ဆင်းတုတော်ကလွဲလို့ နတိ-ဘုရားလည်း ဆွမ်းကပ်သူမဲ့ ဘုန်းကြီးလည်မဲ့ ဦးသုံးကြိမ်ချ သြကာသ ဆိုမိတယ်။ ဘုန်းကြီးမရှိတဲ့ ဘုန်းကြီးကျောင်း၊ အမေအိုရဲ့ အိမ်မှာတော့ အမေအိုရှိတယ် ဒီလိုပါပဲ အမေအိုနေတဲ့အိမ် အမေအိုနေတဲ့ရွာ၊ ဟိုဘက်ရွာ ဒီဘက်ရွာ အားလုံး နတိ အကုန်လုံး တူညီစွာ ရှိနေတာ ကတော့ မျက်ဝန်းထက်စို မျည်ရည်စိုစို… တစက်ချင်း တစက်ချင်း လိမ့်လိမ့်ဆင်း။ မိုးပြိုသလို တောင်ကျရေလို ဒလဟောဆင်း… အမေအိုရဲ့ ရင်တွင်းစကား နားထောင် ဇာတ်ခင်းချိန်ပေါ့။
တအာင်းအမေအိုအတွက် အလုံခြုံဆုံးနေရာက ဘယ်မှာလဲ သိချင်လိုက်တာ…
 အမေအို ကတော့ လုံခြုံတဲ့နေရာအတွက် ယုံကြည်မှုရှိဆဲ …

ဟော ဟိုတောင်စွန်ထိပ်ဖျား ချောင်းကြို ချောင်းကြား တောမြိုင်လယ်ဟာ ဗမာတွေ တော်လှန်ရေး တပ်ဖွဲ့တွေ မတွေ့ခင်ထိ လုံခြုံတယ်တဲ့။ အခု သားတွေ ချွေးမတွေ ခိုလုံရာပေါ့။ အမေ အို ဘယ်အချိန်ထိ မိုးတွေပြိုနေအုံး မလဲ မသိဘူး။ မိုးပြိုတာ ဘယ်တော့ရပ်နိုင်ပါလိမ့်မလဲ။ အမေအိုရဲ့ အနာဂတ် ကတော့ တောနက်ထဲ လက်ဆွဲခေါ်လို့ မဖြစ်တဲ့ မြေးငယ်တွေနဲ့ အတူ အိမ်အို- အိမ်ဟောင်းထဲ။
အမေအို မိုးတွေ ပြိုနေတာ ရပ်တော့မှာပါ ရပ်ရမှာပါ…
အမေအို မျက်ရည်စိုတွေ တိတ်တော့မှာပါ …
                        ဖိုမ်ငါမ် (ကုင်ဆိုရ်မျံမ်)
                        ၁၇-၀၃-၂၀၁၂
                        နံနက် ၅း၂၈ နာရီ

0 comments:

Post a Comment