၆ ရက်၊ အေပြီလ၊ ၂ဝ၁၄ ခုနှစ်။
မိမိတို့တအန်းဒေသရှိ လီဆူးတိုင်းရင်းသားများအပေါ် တအန်းတပ်မတော်မှ မတရားပြုမူသည်ဟု တဖက်သတ် သတင်းထုတ်လွှင့်ရေးသားထားသည့် DVB ဒီမိုကရက်တစ်မြန်မာ့အသံနှင့် The Voice တို့၏ သတင်းဖော်ပြချက်မှာ မဟုတ်မမှန် မှားယွင်းကြောင်းလေးစားစွာ ရှင်းလင်းတင်ပြအပ်ပါသည်။
တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) အနေဖြင့် တအန်းဒေသတွင်ရှိသော အခြားတိုင်း ရင်းသားလူမျိုးများဖြစ်သည့် ကချင်၊ ရှမ်း၊ လီဆူး လူမျိုးများကို အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်း မည်သည့် အချိန်အခါမှ မပြုလုပ်ခဲ့ပါ။
မိမိတို့တအန်းတပ်မတော် လှုပ်ရှားနေသည့် ကျောက်မဲ၊ နမ့်ဆန်၊ မိုးကုတ်၊ မိုးမိတ်၊ မန်တုံ၊ နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်းနှင့် မူဆယ် မြို့နယ် အစရှိသည့်တအန်းဒေသတို့တွင် အိမ်ခြေ ၅ အိမ်မှ ၅၀ ၀န်းကျင်ခန့်ရှိ လီဆူးကျေးရွာ စုစုပေါင်း ၁၅ ရွာရှိပါသည်။ တအန်းဒေသတွင် နေထိုင်သည့် ထိုလီဆူးလူမျိုးတို့ကို တအန်းတပ်မတော်တွင် အတင်း အဓမ္မ တာဝန်ထမ်းဆောင်ရန် တကြိမ်တခါမျှ ဖိအားပေးခြင်းမပြုလုပ်ခဲ့ပါ။
မန်တုံဒေသရှိ လီဆူအမျိုးသား ၃ ဦးသာ ယင်းတို့၏ သဘောဆန္ဒအရ မိမိတို့၏ တပ်မတော်တွင်တာဝန် ထမ်းဆောင်နေပါသည်။ တအန်းဒေသတွင် စားဝတ်နေရေးကြပ်တည်းမှုကို ရှောင်လွှဲနိုင်ရန်အတွက် လားရှိုးမြို့နှင့် နီးသည့်နယ်မြေဒေသတွင် ပြောင်းရွေ့အခြေချနိုင်ရန်အတွက် မိမိတို့ တအန်းအမျိုးသားတပ်မတော်ကို အပြစ်ပုံချကာ ရပ်ရွာမှစွန့်ခွာထွက်ပြေးခြင်းပင်ဖြစ်သည်။ ကျန်အခြား လီဆူးရွာများမှာ မိမိတို့၏ရပ်ရွာအတွင်း ပုံမှန်လုပ်ငန်းများ လုပ်ကိုင်နေထိုင်လျှက်ရှိပါသည်။
မိမိတို့ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်သည် မြန်မာစစ်တပ်နှင့် ယင်းတို့၏လက်အောက်ခံ ပြည်သူ့စစ်များ၏ ထိုးစစ်များကို ပြန်လည်ခုခံကာကွယ်တိုက်ခိုက်ခြင်းသာဖြစ်ပြီး တအန်းလူမျိုးအပါအဝင် ဒေသတွင်းရှိ ကချင်၊ ရှမ်း၊ လားဟူ၊ လီဆူး၊ မြန်မာ အစရှိသည့်ပြည်သူလူထုများအား မတရားသတ်ဖြတ်မှုများ လုံးဝ မပြုလုပ်ကြောင်း အသိပေးရှင်းလင်းတင်ပြအပ်ပါသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - P.S.L.F/T.N.L.A
Thursday, April 24, 2014
DVB နှင့် The Voice သတင်းဖော်ပြမှုအပေါ် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - P.S.L.F ၏ ရှင်းလင်းချက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment