September 3, 2013
မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ဦးအောင်မင်းနှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့မှ မူဆယ်မြို့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့သည့်အချိန်တွင် နှစ်ဖက်သော လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲများလျော့ချနိုင်ရေးအတွက် သဘောတူခဲ့ သော်လည်း တွေ့ဆုံပွဲအပြီး ၃၃ရက်အကြာတွင် တိုက်ပွဲ ၅ကြိမ် ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။
ထို့တိုက်ပွဲသည် သြဂုတ်လ (၇)ရက်၊ (၁၂)ရက်၊ (၂၄)ရက်၊ (၂၆)ရက် နှင့် စက်တင်ဘာလ ၂ရက်နေ့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပါသည်။
စစ်အစိုးရတပ်ဖက်မှ လိုက်လံနှောက်ယှက်ပြီး ထိုးစစ်ဆင်းလာသောကြောင့် စက်တင်ဘာလ ၂ရက်နေ့ မွန်းလွဲ ၄နာရီအချိန်တွင် နမ့်လန်အခြေစိုက် ခမရတပ်ရင်း (၁၇)နှင့် TNLA တပ်ရင်း (၂၅၆) တို့မှ မိနစ် ၃၀ခန့် တိုက်ပွဲဖြစ်ပွားခဲ့ရာ အစိုးရတပ်မှ ပါလိုင်ကျေးရွာထဲသို့ လက်နက်ကြီး (၁၀)ချက် ပစ်ခတ်မှုကြောင့် ဒေသခံတဦးဖြစ်သည့် ဦးစံမတ်၏ ဗိုက်ကို ထိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိနေပါသည်ဟု တပ်ရင်း (၂၅၆) တပ်ခွဲမှူး ဦးအိုက်မောင်မှ ပြောသည်။
ပထမအကြိမ် တွေ့ဆုံပွဲသည် ယုံကြည်မှုတည်ဆောက်နေသည့်အချိန်ဖြစ်ပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုအပေါ်တွင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ကြန့်ကြာစေသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) အထွေထွေအတွင်းရေးမှူးမှ ပြောခဲ့သည်။
"ပမာဏငြိမ်းချမ်ရေးတွေ့ဆုံမှုအပြီး အစိုးရစစ်တပ်နဲ့ တအာင်းစစ်တပ်ကြားမှာတိုက်ပွဲ ၅ကြိမ်ထပ်မံဖြစ်ပွားခဲ့မှုအပေါ်မှာ နောက်ထပ်ငြိမ်းချမ်ရေးတွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် အနှောက်အယှက်ပေးနေတာတော့ အမှန်ပါပဲ။ ပထမ ဆွေးနွေးမူအပြီးမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတည်ဆောက်တဲ့ အချိန်ဖြစ်ခဲ့သလို တစ်ဖက်နဲ့တစ်ဖက်အကြားမှာ လေ့လာစောင့်ကြည့်တဲ့အချိန်လည်းဖြစ်တဲ့အတွက် အရမ်းကိုအရေးကြီးတဲ့ အချိန်လို့လည်း ပြောလို့ရပါတယ်။ သို့ပေမယ့်လည်း လေ့လာစောင့်ကြည့်တဲ့အချိန်၊ ယုံကြည်မှုတည်ဆောက်နေတဲ့အချိန်မှာ တိုက်ပွဲတွေပြန်ဖြစ်တော့ နောက်ထပ်ပြုလုပ်မဲ့ ငြိမ်းချမ်ရေးတွေ့ဆုံဆွေးနွေးပွဲကို ကြန့်ကြာစေခဲ့တာတော့ အမှန်ပဲ''
''တွေ့ဆုံပွဲကတော့ ဘာမှထူးခြားမှုမရှိခဲ့ဘူးလို့ ဘဲမြင်ပါတယ် ဘာဖြစ်လဲဆိုတော့ ပြီးခဲ့တဲ့ တွေ့ဆုံပွဲက ပထမဆုံး တကြိမ် တွေ့ဆုံမှုပဲ ရှိသေးတယ်။ တိုက်ပွဲပြန်ဖြစ်သွားတယ်လေ။ ငြိမ်းချမ်းရေးစကားပြောတာပြောနေတာ တကယ်တမ်းကျတော့ ဘာမှ မငြိမ်းချမ်းဘူး စစ်ပွဲတွေမကြာခဏ ဖြစ်နေတယ်'' တအာင်းကျောင်းသားများနှင့် လူငယ်များအဖွဲ့ (TSYU) အထွေအထွေအတွင်းရေးမှူးမှ ပြောပြခဲ့ပါသည်။
ထို့နောက် TNLA တပ်ရင်း (၂၅၆)တပ်ဖွဲ့ သွားလားလှုပ်ရှားနေစဉ်တွင် ဗိုလ်မှူးကြီး မျိုးဇော်လတ် ဦးဆောင်သည့် နမ့်လန်အခြေစိုက် မြန်မာအစိုးရ စစ်တပ်အဖွဲ့ ခမရ (၅၀၆)တို့မှ ၂၆ရက်နေ့ ညနေ ၇ နာရီခွဲတွင် ကျောက်မဲမြို့နယ် စုန်ဟင်းကျေးရွာအနီးတွင် ၁၅မိနစ်ကြာ နှစ်ဖက်တပ်များ ရင်ဆိုင်တိုက်ပွဲငယ် ဖြစ်ပွားခဲ့သည်။ TNLA မှ တစ်ဦး ဒဏ်ရာရရှိပြီး အစိုးရစစ်တပ်ဘက်တွင် ၂ဦး ပြင်းထန်စွာဖြင့် ဒဏ်ရာရရှိသည်။
၎င်းအပြင် ၂၄ရက်နေ့တွင်လည်း (TNLA) အမှတ် (၅၂၇)တပ်ဖွဲ့မှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွင် လူထုစည်းရုံးရေး ရှင်းလင်း ပြုလုပ်သည့်အခါတွင် ကွတ်ခိုင်အခြေစိုက် ခလရ (၄၅)တို့သည် ညနေ (၃)နာရီ (၁၅)မိနစ်တွင် နမ့်ခမ်းမြို့နယ် နမ့်စန့် (တွန်ဟုန်) ကျေးရွာအနီးတွင် ၂နာရီခန့်အကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
သြဂုတ်လ ၁၂ရက်နေ့တွင် ဒုတိယအကြိမ်ဖြင့် မြန်မာအစိုးရ နောင်ချိုအခြေစိုက် တပ်ရင်း(ခမရ - ၁၇)နှင့် ( TNLA) တို့သည် နေ့လည် (၂း၁၅) မိနစ်အချိန်တွင် ကျောက်မဲမြို့နယ် ကွမ်းစလန်းရွာ၏ မြောက်ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ (၂း၃၀) မိနစ်မှ ပြန်ငြိမ်းသွားသည်ဟု ကွမ်းစလန်းရွာခံတစ်ဦးမှပြောပါသည်။
သြဂုတ်လ (၇)ရက်နေ့တွင် မိုင်းငေါ့မြို့နယ် ပန်ကွဲဒေသတွင်လည်း အစိုးရတပ် ခလရ (၁၄၄)နှင့် TNLA ဗိုလ်ကြီး တာ့အိုမ်တမာဝ်ဦးဆောင်သည့် ကျောက်မဲတပ်ရင်း (၇၁၇)တို့သည် ၅မိနစ်ကျော် ပထမဆုံးအကြိမ် နှစ်ဖက် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပါသည်။
''တိုက်ပွဲပြန်လည်ဖြစ်ရခြင်းအကြောင်းရင်းကို ပြန်ကြည့်ရင်လည်း တအာင်းတပ်ဖက်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းအကောင်အထည်ဖော်နေတဲ့အချိန်မှာ အစိုးရတပ်ဘက်က လိုက်ပြီးနှောက်ယှက်တဲ့ဟာမျိုးတွေ တွေ့နေရတယ်။ ကျမအမြင်ကတော့ ငြိမ်းချမ်ရေးတွေ့ဆုံဆွေးနွေးပွဲက အမှန်တစ်ကယ် စိတ်ရင်းစေတနာနဲ့ဖြစ်အောင် လုပ်ရင်တော့ မဖြစ်နိုင်စရာအကြောင်းမရှိပါဘူး။ အပြောနဲ့အလုပ်က ကိုက်ညီဖို့ လိုအပ်တယ်။ ဆွေးနွေးပွဲမှာ တစ်မျိုး လက်တွေ့မှာကျတော့ တစ်မျိုးလုပ်နေတယ်။ တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်ဆိုရင် တွေ့ဆုံပွဲကဘာမှအကျိုးမရှိဘူး တခြားတစ်ဖက်က ဖိအားပေးလို့ ငြိမ်းချမ်ရေးလုပ်နေရတယ်ဆိုတာထက် နိုင်ငံရေးအရ ပြသာနာကိုဖြေရှင်းဖို့ လိုအပ်တယ်လို့ ထင်မြင် ယူဆပါတယ်'' ဟု TWO အထွေထွေအတွင်းရေးမှူးမှ ထပ်မံ ပြောကြားခဲ့ပါသည်။
တိုက်ပွဲကြောင့် တအာင်းပြည်သူလုထုများသည် မွေးရပ်ဇာတိကို စွန့်ခွါသွားပြီး တခြားနေရာသို့ တိမ်းရှောင်နေကြသလို တိုက်ပွဲဒဏ်ကြောင့် ပြည်သူလုထုများသည် သေနတ်ထိ၍ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။
''ပြည်သူတွေလည်း အမြဲတမ်းပဲ စစ်ပြေးနေရတယ်။ ကြောက်နေရတယ်။ အထူးသဖြင့် ဒုက္ခသည်တွေပေါ့နော်။ အခု ကိုယ်အိမ်၊ ကိုယ့်ရွာကို ပြန်လို့ မ၇သေးဘူး။ ဒေသခံတွေ မကြာခဏဒဏ်ရာရပြီး သေဆုံးတယ် မနေ့ ကဆိုလည်း ကျောက်မဲဖက်မှာ သေနတ်ကြီးထိလို့ဒဏ်ရာပြင်းထန်နေတယ်'' ဟု TSYU အထွေထွေအတွင်းရေးမှူးမှ ပြောပြခဲ့သည်။
TNLA နှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ ကိုယ်စားလှယ် ဦးအောင်မင်းတို့မှ လာမည့် သြဂုတ်လ (၁၀)ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ၍ တွေ့ဆုံပွဲ ပြုလုပ်မည်ဟု ပြောဆိုသော်လည်း စက်တင်ဘာလ (၃)ရက်နေ့ ရောက်ရှိသည့်တိုင်အောင် ပြန်လည်တွေ့ဆုံခြင်းမရှိသေးပါ။
http://www.palaungwomen.com/
0 comments:
Post a Comment