September 3, 2013
(လိုည်းနွေနှောင်းမှ တွေ့ဆုံမေးမြန်းသည်)
ဇူလိုင် ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်၌ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ရွှေလီရတနာ ခန်းမတွင် ပထမဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲ ပြီးသည့်နောက်ပိုင်းတွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုအပေါ်တွင် အထွေထွေအတွင်းရေးမှူး ဒု-ဗိုလ်မှူးကြီး တားဘုန်းကျော်မှ တွေ့ဆုံမေးမြန်းထားပါသည်။
မေး- တွေ့ဆုံပွဲပြီးသည့်နောက်ပိုင်းတွင် တိုက်ပွဲ ဘယ်နှစ်ကြိမ်ဖြစ်ပွားခဲ့ပါသလဲ။ ဘယ်နေရာမှာ ဖြစ်ပွားခဲ့ပါသလဲ။
ဖြေ-တွေ့ဆုံပွဲပြီးတဲ့နောက်ပိုင်းမှာ တိုက်ပွဲဖြစ်တာတော့ (၅)ကြိမ်ရှိပြီ။ ပထမဆုံးအကြိမ်က မိုင်းငေါ့မြို့နယ်ခွဲ ပန်ကွဲ၊ ကျောက်မဲမြို့နယ် ကွမ်းစလန်းရွာ၊ နမ့်ခမ်းမြို့နယ် နမ့်စန့် (တွန်ဟုန်)၊ ကျောက်မဲမြို့နယ် စုန်ဟင်ကျေးရွာအနီး နှင့် ပါလိုင်ကျေးရွာအနီးတွေ ဖြစ်ပွားခဲ့ပါတယ်။
မေး- ၃၃ ရက်အကြာမှာ တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားမှုပေါ်မှာ ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ-ဦးအောင်မင်းတို့ အလုပ်လုပ်တာ လိုအပ်ချက်တွေအများကြီှးရှိနေသေးတယ်ဆိုတဲ့သဘော သက်ရောက်ပါတယ်။ ဒီလိုပုံစံ တိုက်ပွဲခဏခဏ ဖြစ်နေရင် စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်ဖို့ တော်တော်ကြာနေပါအုံးမယ်။ စစ်ရှိန်မလျော့ပဲနဲ့တော့ အပစ်အခတ်ရပ်တာ နိုင်ငံရေးဆွေးနွေးတာ တွေ ဆက်လုပ်ဖို့ ယုံကြည်မှုလျော့နည်းစေပါတယ်။
မေး-ဒုတိယအကြိမ် တွေ့ဆုံပွဲကို ဘယ်တော့ ပြန်လည်တွေ့ဆုံဖို့ရှိပါသလဲ။
ဖြေ-ရက်သတ်မှတ်ခြင်း မရှိသေးပါဘူး။ မူစယ်မှာ တွေ့ပြီးကတည်းက နောက်တကြိမ်ဆွေးနွေးပွဲဖြစ်မြောက်ဖို့အတွက် ဆွေးနွေးညှိနှိုင်းတာ မလုပ်ရသေးပါဘူး။ ဦးအောင်မင်းတို့ဘက်က တော်တော်အလုပ်ရှုပ်နေပုံတူပါတယ်။ ကျနော့်အမြင်ကတော့ နောက်တကြိမ် ဆွေးနွေးပွဲ မလုပ်ခင် ကြိုတင်ညှိနှိုင်းမှုတွေလိုမယ်။ အဲဒီလို နှစ်ဘက်ပြင်ဆင်ညှိနှိုင်းမှုတွေ ရှိပြီးမှ ခေါင်းဆောင်တွေပါတဲ့ ဒုတိယအကြိမ်ဆွေးနွေးပွဲလုပ်မယ်ဆိုရင် ခရီးပိုရောက်မယ်။ အဖြေမှန်ပိုရှာနိုင်မယ်လို့ထင်ပါတယ်။ မကြေလည်နိုင်တဲ့အချက်တွေ အလွတ်သဘော ကြိုတင် ပြောဆိုထားနိုင်ရင် ဆွေးနွေးပွဲအတွက် အထောက်အကူပိုဖြစ်မယ်ထင်တယ်။ နှစ်ဘက်အဖြေရှာနိုင်မဲ့ ယုံကြည်မှုအတိုင်းအတာတခု မတည်ဆောက်နိုင်သေးပဲ ဆွေးနွေးပွဲထပ်လုပ်ရင် အဲဒီလုပ်တဲ့ပွဲမှာ နိုင်ငံသမ္မတ သိန်းစိန် ဦးဆောင်ပြီးတက်တက်၊ ကျနော်တို့ဘက်က အမြင့်ဆုံး ဥက္ကဋ္ဌ ဦးဆောင်ပြီးတက်တက် အပ်စရပ်ရေးလက်မှတ်ထိုးတဲ့အဆင့် သဘောတူညီဖို့ ခက်နေမှာပဲဖြစ်တယ်။
မေး-ဒုတိယအကြိမ်တွေ့ဆုံပွဲ ထပ်မံပြုလုပ်သွားမယ်ဆိုရင် တိုက်ပွဲတွေ ရပ်တန့်သွားမယ်လို့ မျှော်လင့်ထားသလား။
ဖြေ-ဆွေးနွေးပွဲရလာဒ်အပေါ်မူတည်ပါလိမ့်မယ်။ အရေးကြီးတဲ့ကိစ္စကိုဆွေးနွေးညှိနှိုင်းတာထက် အပစ်ရပ်ရေးလက်မှတ်ထိုးဖို့လောက်ပဲ လုပ်နေရင်တော့ ရှေ့ဆက်တိုးဖို့ခက်ပါတယ်။ နှစ်ဘက်ယုံကြည်မှု အတိုင်းအတာ တခုမရှိသေးရင် ထပ်တွေ့မဲ့ တွေ့ဆုံပွဲဟာ လက်မှတ်ထိုးတဲ့အဆင့်ထိ တက်ဖို့ခက်ပါလိမ့်မယ်။ အဲသလိုဆိုရင်တော့ တိုက်ပွဲတွေပိုများလာမဲ့သဘောတော့ရှိမှာပေါ့။တကယ်လို့ ဦးအောင်မင်း တို့ဘက်နဲ့ ကျနော်တို့ အလွတ်သဘော ကြိုတင်ညှိနှိုင်းတာတွေပြင်ဆင်ထားတာတွေကနေတဆင့် ပြေပြေလည်လည်ရှိခဲ့မယ်ဆိုရင် တွေ့ဆုံပွဲမှာ အဖြေကောင်းပြီး တိုက်ပွဲ လျော့လာမယ်ထင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံပွဲပြုလုပ်နိုင်တယ်ဆိုရင်တော့ အဖြေတခုခုရှာနိုင်တာမို့ နှစ်ဘက်ပဋိပက္ခလျော့နိုင်ပါတယ်။
မေး- နေပြည်တော်မှတဆင့် တိုင်းရင်းသားတပ်ကို အပြတ်ချေမှုန်းဖို့အတွက် ပြောသံတွေကြားနေရတယ်။ ဒီအပေါ်မှာ TNLA အနေနဲ့ ဘယ်လိုမြင်ပါသလဲ။
ဖြေ-တပ်ချုပ်ကြီး ဗိုလ်ချုပ်မင်းအောင်လှိုင် ကတော့ မြန်မာ့တပ်မတော်အလုပ်ကို လုပ်နေတာဆိုတော့ နဂိုအတိုင်း တိုင်းရင်းသားအဖွဲ့တွေကို နည်းအမျိုးမျိုးနဲ့ အပြတ်ချေမှုန်းဖို့ အမြဲညွန်ကြားနေမှာပါပဲ။ အဲတာကြောင့်လဲ မြန်မာပြည်တွင်းစစ်မီးက မငြိမ်းနိုင်ဘဲ ကမ္ဘာမှာအရှည်ကြာဆုံး ပြည်တွင်းစစ် ဖြစ်နေတာပါပဲ။ ဒီလို တဘက်သားကို အပြတ်ချေမှုန်းဖို့ စစ်ရေးသတ်သတ်အမြင်ပဲရှိနေအုံးမယ် ဒီလိုညွန်ကြားချက်တွေပဲ ဆက်ထုတ်နေရင်တော့ တိုက်ပွဲကထပ်တိုးလာမှာပါပဲ။
မေး-တအာင်းမိဘပြည်လူသူလူထုကို ဘာစကားလက်ဆောင်ပါးချင်ပါသလဲ။
ဖြေ-ကျနော်တို့ ဘာဖြစ်လို့ အပစ်ရပ်ရေးလက်မှတ်မထိုးနိုင်သေးသလဲဆိုတာ လူထုတွေ သေချာနားလည်စေချင်ပါတယ်။ လက်မှတ်ထိုးပြီးလည်း တိုက်ပွဲဖြစ်တော့ဘာထူးမလဲ။ ဦးအောင်မင်းတို့က အားလုံးရဲ့ အပစ်ရပ်လက်မှတ်ရပြီးရင် နအဖ လက်ထပ်တုန်းကလို ဆယ်စုနှစ်ကျော်ကြာ အမျိုးသားညီလာခံလုပ် အချိန်ဆွဲပြီး နိုင်ငံရေးဆွေးနွေးပွဲကိုရှောင်နေရင် ဘယ်သူက ရှေ့ဆက်တိုးဖို့တာဝန်ခံမလဲ။ ဒါကြောင့် မြန်မာအစိုးရနဲ့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေပဲ ကတိကဝတ်ပြု လက်မှတ်ထိုးယုံနဲ့မပြီးပါဘူး။ သက်သေခံမဲ့ UN, US, UK, EU အစရှိတဲ့ နိုင်ငံတကာရှေ့မှောက်ဖြစ်ဖို့လိုပါတယ်။ သူတို့ပါဝင်ဖို့လိုပါတယ်။ အဲတာမှ တကယ် စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ အပစ်ရပ်စဲရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲဖို့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်မှာဖြစ်ပါတယ်။
ကျနော်တို့ အခုအလွယ်တကူ အပစ်ရပ်ရေးလက်မှတ်မထိုးနိုင်တာက အဲဒီအဆင့်တွေ ညှိနှိုင်းဖို့လိုနေလို့ပါ။ ပြည်သူလူထု အားလုံးနားလည်ပေးစေချင်ပါတယ်။ ကျနော်တို့ ပြည်သူလူထုတွေရဲ့ မျှော်လင့်ချက် တောင့်တမှုကိုနားလည်ပါတယ်။ လူထုတွေ စစ်ဘေးဒဏ်သင့်နေတာ ကျနော်တို့ မကြည့်ရက်ပါဘူး။ဒါပေမဲ့ အဖြေမှန်ကိုမရှာနိုင်သေးရင် ထပ်ထပ်ပြီး စစ်ဘေးဒဏ်ကိုခံနေကြရမှာပါ။ အဲသလို ထပ်အဖြစ်မခံနိုင်ပါဘူး။ကျနော်တို့ တကယ့် နိုင်ငံရေးပြောင်းလဲတိုးတက်ဖို့အတွက် အဖြေရှာနေတာကို နားလည်ထောက်ခံဖို့ လူထုအားလုံးကို အသိပေးရှင်းလင်းချင်ပါတယ်။
Credit-http://www.palaungwomen.com/
0 comments:
Post a Comment