Saturday, September 14, 2013

နမ့်ဟွန်းချောင်းတိုက်ပွဲတွင် မြန်မာတပ်နှင့်ပန်ဆေးပြည်သူ့စစ် အနဲဆုံး ၁၀ ဦး ကျဆုံး ၂၀ ထိခိုက်ဒါဏ်ရာရ

Photo: နမ့်ဟွန်းချောင်းတိုက်ပွဲတွင် မြန်မာတပ်နှင့်ပန်ဆေးပြည်သူ့စစ် အနဲဆုံး ၁၀ ဦး ကျဆုံး ၂၀ ထိခိုက်ဒါဏ်ရာရ

၁၁ ရက် စက်တင်ဘာလ ၂၀၁၃ ခုနှစ်

ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အုပ်စု ဖာဖီုင့်နှင့်ပါချောင် ရွာအကြား နမ့်ဟွန်းချောင်းအနီးတွင် တအန်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် မြန်မာ တပ်မတော် ခလရ ၄၅ နှင့် ပန်ဆေးပြည်သူ့စစ်ပူးပေါင်း စစ်ကြောင်းတို့ ယနေ့ စက်တင်ဘာလ ၁၁ ရက် နေ့လည် ၂ နာရီခန့်မှ ၃း၃၀ နာရီခန့်အထိ တိုက်ပွဲဖြစ်ပွား ခဲ့ကြရာ မြန်မာတပ်နှင့်ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့များ အနဲဆုံး ၁၀ ကျော် ကျဆုံးပြီး ၂၀ ကျော် အပြင်းအထန်ဒါဏ်ရာရရှိသည်ဟုသိရှိရသည်။

လူထုစည်းရုံးရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက် နေသော တအန်းတပ်ရင်း ၁၁၂ ကို အင်အား ၁၀၀ နီးပါးရှိ ခလရ ၄၅ နှင့်ပန်ဆေးပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်းက လိုက်လံတိုက်ခိုက်ရန် ဆက်တိုက်ထိုးစစ်ဆင်ခဲ့သည်။ တပ်ရင်း ၁၁၂ က ပါချောင်ရွာမှ ဖာဖီုင့်ရွာသို့ ဆုတ်ခွာရန် နမ့်ဟွန်းချောင်း ကိုကူးပြီးသော်လည်း အစိုးရနှင့်ပန်ဆေး ပူးပေါင်းစစ်ကြောင်းက ဆက်တိုက်လိုက်ပါလာသဖြင့် နမ့်ဟွန်းချောင်း အနီးတွင် တိုက်ပွဲဖြစ်ရခြင်းဖြစ်သည်။

ချောင်းကူးလာသည့် အစိုးရနှင့်ပန်ဆေး ပူးပေါင်း စစ်ကြောင်းသည် ချောင်းတဘက်ကမ်းတွင် ထောင်ထားသည့် တအန်းတပ်ဖွဲ့၏ရှေ့ထွက်မိုင်းများထိမိပြီး အသင့်စောင့် နေသော တအန်းတပ်မတော် တပ်ရင်း ၁၁၂ နှင့် အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

တအန်းတပ်မတော် တပ်ရင်း ၁၁၂ တပ်ဖွဲ့ဝင်များမှာ ထိခိုက်ဒဏ်ရာရရှိသူမရှိပဲ ပြောက်ကျားစစ် နည်းဗျူဟာအရ တိုက်ပွဲပြီးသည် နှင့် လုံခြုံမှုရှိရာနေရာသို့ ပြောင်းရွေ့နေရာယူကာ မြန်မာတပ်များ၏ ထိုးစစ်ကို ခုခံရန် ပြင်ဆင်စောင့်ဆိုင်း လျှက်ရှိသည်ဟု တပ်ရင်းမှူး ဗိုလ်ကြီး တာခွန်ဆာ ပြောပြသည်။

တအန်းတပ်မတော် တပ်ရင်း ၁၁၂ သည် P.S.L.F ဗဟိုကော်မတီချမှတ်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမူဝါဒ လုပ်ငန်းစဉ်များ ဆောင်ရွက်နေရာ မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် လော့ခူန်ပြည်သူ့စစ်တပ်ဖွဲ့ကို ၈ ရက် စက်တင်ဘာလ တွင် ဝင်ရောက်စီးနင်းပြီး ပြည်သူ့စစ်ဆက်မလုပ်ရန် ပြင်းထန်စွာသတိပေးပြီး လက်နက်များဖြုတ်သိမ်းခဲ့သည်။

ထိုကဲ့သို့ လက်နက်ဖြုတ်သိမ်းခဲ့သည်ကို မကျေနပ်သဖြင့် ခလရ ၄၅ နှင့်ပန်ဆေးပြည်သူ့စစ် ပူးပေါင်းစစ်ကြောင်း က အပြင်းအထန်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း ထိခိုက်ဒါဏ်ရာရရှိသူများ ကိုပြောင်းရွေ့သယ်ဆောင် နေလျှက် ရှိသည်။

သတင်းနှင့်ပြန်ကြားရေးဌာန

P.S.L.F/T.N.L.A 

0 comments:

Post a Comment