၂၀ ရက်၊ မတ်လ၊ ၂ဝ၁၃ ခုနှစ်။
ထုတ်ပြန်ချက်အမှတ်။ ဝဝ၂၊ ၀၅။ ဌနခ-၁၃
၁။တပေါင်းလပြည့်ကျော်မှစတင်၍လက်ဖက်တောင်သူတအာင်းမိဘပြည်သူတို့အားထားရသည့် ရွှေဖီချိန် လက်ဖက် ရာသီရောက်ရှိလာပြီ ဖြစ်ပါသည်။ ယခု ၂၀၁၃
ခုနှစ် ရွှေဖီလက်ဖက်ရာသီတွင် တအာင်း မိဘပြည်သူများ မျှော်လင့်
တောင့်တထားသည့်အတိုင်း လက်ဖက်များလှိုင်လှိုင်ဖူးဝေထွက်ရှိပြီး၊ သင့်တင့်မျှတတည်ငြိမ်သည့်လက်ဖက်ဈေးကွက် ကိုထိန်းသိမ်းရရှိနိုင်ပါစေကြောင်း ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးမှ ဆုမွန်ကောင်း ပို့သလိုက်ပါသည်။
၂။ ဒေသခံတအာင်းမိဘပြည်သူအများစုသည်
လက်ဖက်လုပ်ငန်းဖြင့် အဓိကအသက်မွေး ၀မ်းကျောင်းပြု ကာ နေထိုင်စား
သောက်ကြရပါသည်။ တပေါင်းလပြည့်ကျော်မှ ကဆုန်လဆန်းထိ လက်ဖက်ထွက် ရှိသော
ရွှေဖီချိန်ကာလသည် တအာင်းလူမျိုးအတွက် တနှစ်သာ စားဝတ်နေရေးပြေလည်ရန်
အလွန်အရေး ကြီးသော အချိန်ခါသမယဖြစ်ပါသည်။
၃။P.S.L.F နှင့် မြန်မာအစိုးရအကြား နိုင်ငံရေးပြဿနာဖြေရှင်းနိုင်ခြင်းမရှိသေးသဖြင့် တအာင်းဒေသ တခွင်တွင် အခြေချလှုပ်ရှားနေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် T.N.L.A နှင့် ထိုးစစ်ဆင်လာသည့် မြန်မာစစ်တပ်ဖွဲ့တို့ ဒေသတွင်းတွင်လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားနေပါသည်။ ယခု ၂ဝ၁၃ ခုနှစ် သုံးလနီးပါးကာလ အတွင်းတွင်ပင် တိုက်ပွဲထိတွေ့မှု ၂၀ ကြိမ်ခန့်ဖြစ်ပွားခဲ့ပါသည်။
၎။ မြန်မာစစ်တပ်ဖွဲ့၏ ထိုးစစ်ဆင်လှုပ်ရှားမှု မည်ကဲ့သို့ပင်များပြားစေကာမူ
လက်ဖက်တောင်သူ မိဘပြည်သူတို့အား စာနာထောက်ထားကာကွယ်ရန်တာဝန်ရှိသည်ဟု
တပ်ဦးအနေဖြင့် အစဉ်ခံယူရပ် တည်ထားပါသည်။ ထိုကြောင့် ရွှေဖီချိန်
လက်ဖက်ရာသီတွင် လက်ဖက်လုပ်ငန်းကို အဓိကထား လုပ်ကိုင်နေသော
တအာင်းဒေသကျေးရွာများတွင် လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားခြင်း မပြုလုပ် ရန်
ဒေသအတွင်းအခြေချထားသည့် တအာင်းတပ်ဖွဲ့များအား ညွှန်ကြား ထားပြီးဖြစ်ပါ သည်။
ရွှေဖီလက်ဖက် ရာသီကာလအတွင်းတွင် လက်ဖက်လုပ်ငန်းအဓိကလုပ်ကိုင်နေသည့် တအာင်းဒေသ၌ လက်နက်ကိုင် တိုက်ပွဲ (လုံးဝ) မဖြစ်ပွားစေရန်ထိန်းသိမ်းမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၅။ ထိုကြောင့် လက်ဖက်လုပ်ငန်းကိုအဓိကမှီခိုအားထားနေကြရသည့် တအာင်းမိဘပြည်သူများ၊ လက်ဖက်လုပ်ငန်းဖြင့် မှီခိုလုပ်ကိုင်နေသူများအားလုံး
ရွှေဖီလက်ဖက်ရာသီတွင် စစ်မက်ဖြစ်ပွား မည့် ကြောက်ရွှံ့မှုမရှိဘဲ
ကိုယ်စိတ်လုံခြုံမှုရှိစွာ ဖြင့်လက်ဖက်လုပ်ငန်းကို လွတ်လပ်အေးချမ်းစွာ
လုပ်ကိုင်စားသောက်ကြပါရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး အနေဖြင့် လေးစားစွာရှင်းလင်း တင်ပြအပ်ပါသည်။
ဗဟိုအလုပ်အမှုဆောင်ကော်မတီ
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး - P.S.L.F
0 comments:
Post a Comment