မြန်မာ့လွတ်လပ်ရေး
ကြိုးပမ်းမှု ဒုတိယ ကမ္ဘာစစ်အပြီး မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွင် တိုင်းရင်းသားများ
သွေးစည်းညီညွတ်ရေး တည်ဆောက် နိုင်ရန်အတွက် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ
ရှမ်းပြည်စော်ဘွားများကောင်စီ ဥက္ကဌ ပလောင်အမျိုးသား တောင်ပိုင်စော်ဘွားကြီး စ၀်ခွန်ပန်စိန်က
တောင်တန်းနယ် ထိပ်တန်းခေါင်းဆောင်အဖြစ် စွမ်းစွမ်းတမံ ဦးဆောင်ကြိုးပမ်းလာခဲ့ပါသည်။
ထို့ကြောင့်လည်း
အချုပ်အချာအဏာပိုင် လွတ်လပ်သော ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးပေါ်ထွန်းရေးတွင် သမိုင်းဝင်
ပင်လုံစာချုပ်ကို တောင်တန်းသားများ၏ ဦးစီးခေါင်းဆောင်အဖြစ် ပလောင် အမျိုးသားခေါင်းဆောင်ကြီး တောင်ပိုင် (ရှမ်းပြည်နယ်
မြောက်ပိုင်း၊ နမ့်ဆန်မြို့) စော်ဘွားကြီး စ၀်ခွန်ပန်စိန်၏ ဦးစီးဦးဆောင်မှုဖြင့် သမိုင်းဝင်
လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်တို့ ကျဆုံးပြီး နောက်ပိုင်း လွတ်လပ်ရေးရရှိပြီးကာလတွင်
တိုင်းရင်းသား စည်းလုံးညီညွတ်မှု သည်လည်း ပြိုကွဲသွားရလေသည်။ ၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့တွင်
ပြည်ထောင်စုပြိုကွဲမည့် အန္တရယ်မှ ကင်တင်ရန်ဟူသော အကြောင်းပြချက်ဖြင့် ဗိုလ်နေ၀င်းစစ်အုပ်က
နိုင်ငံတော် အာဏာကို သိမ်းယူလိုက်လေသည်။ ထို့ကြောင့် ပြည်နယ်များ၊ လူမျိုးစု အမျိုးသားများ
တောင်းဆိုသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ တန်းတူညီမျှသော အခြေခံလူအခွင့်
အရေး ရရှိရေးနှင့် အာမခံချက်ရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတို့ကို လက်လွှတ်ဆုံးရှုံးကြရလေသည်။
ဤသို့သော
မြန်မာနိုင်ငံရေး အပြောင်းအလဲဖြစ်ပေါ်လာခြင်းတို့ကြောင့် မိမိတို့၏ အမျိုးသားလုံခြုံရေးနှင့်
ကာကွယ်ရေး၊ မိမိတို့၏ အမျိုးသား အသုံးချခံဘ၀သို့ မကျရောက်ရေး၊ တန်းတူညီမျှသော အခြေခံ
လူအခွင့်အရေးရရှိရေး၊ မိမိတို့၏ အမျိုးသားတစ်ရပ်လုံးကို ဦးဆောင်နိုင်မည့် အဖွဲ့အစည်းတရပ်
ခိုင်မာစွာ ရပ်တည်ရေး ဟူသော ဦးတည်ချက်ဖြင့် ရှမ်းပြည်တော်လှန်းရေး ခေါင်းဆောင် တို့က
ပလောင်အမျိုးသားတပ်ဖွဲ့ Palaung National Force/ PNF ၁၉၆၃ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့တွင်
စတင်ဖွဲ့စည်းခဲ့ပါသည်။
ပလောင်အမျိုးသားတပ်ဖွဲ့ကို
တောင်ပိုင်စော်ဘွားကြီး၏မျိုးနွယ်ဖြစ်သော စ၀်ခွန် အေးနှင့် စ၀်ခွန်လီတို့ကဦးဆောင်၍
နမ့်ဆန်မြို့နယ် မြို့သစ်၌ တပ်ရင်း ဌာနချုပ် ကို ဖွင့်လှစ်ထားရှိခဲ့သည်။ စစ်ဒေသအဖြစ်
ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊ မဘိမ်းမြို့တို့ကို အခြေခံထားရှိကာ စစ်ရေး၊
စည်းရုံးရေးကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့သည်။ ထိုအတူ ပလောင်အမျိုးသားတပ်ဖွဲ့သေနတ်ကိုင်
တပ်ရင်းကို နမ့်ခမ်းမြို့နယ် ဖွားပလောင်မျိုးနွယ်ဝင် စ၀်ခွန်သောင် ဦးဆောင် ကွက်ကဲပြီး
မန်ဘွန်ရွာ (ယခင် နမ္မတူ) ဟိုမိန် (နမ့်ဆန်) တွင် တပ်ရင်းဌာနချုပ် ဖွင့်လှစ်ထားရှိသည်။
နမ္မတူ၊ မန်တုန်၊ နမ့်ခမ်းနှင့်ကွတ်ခိုင် အနောက်ခြမ်း ဒေသတို့ကို အခြေခံစစ်ဒေသအဖြစ်
သတ်မှတ်ထားရှိသည်။
၁၉၇၆ခုနှစ်တွင်
ပလောင်အမျိုးသားတပ်ဖွဲ့သေနတ်ကိုင်တပ်ရင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်အဖြစ်ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့
ပြီး တာခွန်သောင်
ဥက္ကဌအဖြစ် ဦးဆောင်မှုအောက်တွင် ပလောင်အမျိုးသား များအတွက် တော်လှန်သောစိတ်ဓါတ်ကို
များစွာစည်းရုံးလှုံ့ဆော်နိုင်ခဲ့ပြီး ပလောင်အမျိုးသားများ၏ ခိုင်မာသောစစ်ရေး၊ နိုင်ငံရေး၊
လမ်းစဉ်များကို မှန်ကန်စွာ ချမှတ်ကျင့်ဆောင်နိုင်ခဲ့သည်။ ၁၉၈၄ခုနှစ်တွင် တာခွန်သောင်
မမျှော်လင့်ဘဲ ရုတ်တရက် ကွယ်လွန်ကျဆုံးသွားပြီးနောက် မိုင်းသံလွင်မှ ဥက္ကဌ အဖြစ်လည်းကောင်း
တာကျော်လှမှ ဥက္ကဌအဖ်ြစလည်းကောင်း ယခုလက်ရှိ တာအိုက်မုန်းမှ ဥက္ကဌအဖြစ်လည်းကောင်း ဆက်လက်ဦးဆောင်တိုက်ပွဲဝင်ခဲ့
ကြပါသည်။
ပလောင်လူမျိုးတို့သည်
ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်တုန်မြို့နယ်၊ ကျောက်မဲမြို့နယ်အနောက်ဖက်ခြမ်း၊
သီပေါမြို့နယ် အနောက်ဖက်ခြမ်း၊ မိုးကုတ်မြို့နယ် မိုးမိတ်မြို့နယ်၊ နမ္မတူမြို့နယ်၊
မိုးမိတ်မြို့နယ်၊ လားရှိုးနယ် အနောက်ခြမ်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့်
မူဆယ်မြို့နယ်အနောက် ခြမ်းတွင် နေထိုင်ကြပါသည်၊ ၁၉၉၁ခုနှစ် ဧပြီလတွင် ပလောင်လက်နက်
ကိုင်အဖွဲ့နှင့် နအဖစစ်အုပ်စုတို့အပစ်ခတ်ရပ်စဲပြီးနောက် ယင်းပလောင် လူမျိုးများ နေထိုင်သောဒေသများကို
ပလောင်ဒေသအထူး (၇)အဖြစ်သတ်မှတ် ကာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်က အုပ်ချုပ်ခဲ့ပါသည်။
ယင်းသို့အုပ်ချုပ်ခဲ့ပြီး
(၁၄)နှစ်အကြာ ၂၀၀၅ခုနှစ် ဧပြီ ၂၉ရက်နေ့တွင် နအဖစစ်အုပ်မှ အင်အားသုံးကာ ရုတ်တရက် ၀ိုင်းရံ
ပိတ်ဆို့ခံမှုကြောင်းက ပလောင်ပြည်နယ်လွတ်ရေးတပ်မတော်က လက်နက်အပ်ပွဲပြုလုပ်ခဲ့ရပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်မှ နအဖစစ်အုပ်စုထံ လက်နက် အပ်ပြီးနောက်ပိုင်းတွင်
ပလောင်ဒေသ အုပ်ချုပ်မှုများကိုပါ အားလုံးဖျက်သိမ်း လိုက်ရသဖြင့် ယခုအချိန်တွင် ပလောင်ဒေသအတွင်းသို့
နအဖ၏ စစ်တပ်များ၊ ရဲတပ်ဖွဲ့များ၊ နအဖ ဖွဲ့စည်းထားသော ပြည့်သူစစ်များ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲများ၊
အမျိုးသမီးရေးရာ အဖွဲ့များဝင်ရောက်လာကာ ဒေသခံပြည်သူများအပေါ် နည်းအမျိုးမျိုးဖြင့် ဖိနှိပ်ကာ
စစ်အာဏာရှင်စိုးမိုးရေးကို ဖော်ဆောင်လာကြသည်။ ပလောင်ဒေသတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်
အမည် လုံးဝမသုံးတော့ဘဲ ပလောင်တိုင်းရင်းသားအဖွဲ့ဟူ၍သာ ရပ်တည်နေရသည်။ ပလောင်ပြည်နယ်
လွတ်မြောက်ရေးတပ်မတော်သည် လက်နက်အပ်ပြီး နောက်ပိုင်း ပလောင်ဒေသဖွံ့ဖြိုးရေးကော်မတီနှင့်
မဟာမိတ်ဆက်ဆံရေး ကော်မတီအဖြစ်သာ ဆက်လက်လှုပ်ရှားရန် နအဖမှ ခွင့်ပြုထားပါသည်။
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်သည်
လက်နက်အပ်ပြီးနောက် ပိုင်းဖွဲ့စည်းခဲ့သော ပလောင်ဒေသဖွံ့ဖြိုးရေးကော်မတီသည်လည်း ယခုအချိန်ထိ
လူထုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စတင်မလုပ်ဆောင်နိုင်သေးသည့်အပြင် ယခင် လက်နက်မအပ်စဉ်က
ဖွံ့ဖြိုးရေးလုပ်ငန်းများပင် များစွာ ပျက်စီးဆုံးရှုံး လျက်ရှိသည်။ နအဖ ပေးအပ်သော လယ်ထွန်းစက်များ၊
လမ်းဖောက်စက်များ အစရှိသည်တို့မှာလည်း ယင်းတို့သုံးပြီးသော စက်အဟောင်းများကို ဆေးပြန်
သုတ်ထားခြင်းဖြစ်၍ မည်သည့် လုပ်ငန်းမျှ စတင်အလုပ်မလုပ်နိုင်သေးချေ။
နအဖစစ်အုပ်စုတို့သည်
ပလောင်ဒေသအတွင်းရှိ အဏာမက်မောကာ မျိုးချစ်စိတ်ပျောက်နေသူများကို ပလောင်နိုင်ငံရေးအဖွဲ့အစည်းများနှင့်
စိတ်ဝမ်း ကွဲစေရန် ရာထူးစည်းစိမ်း လုပ်ပိုင်ခွင့်များ အမျိုးမျိုးပေးကာ စည်းရုံးလျက်
ရှိသည်။ ကြံ့ခိုင်ရေးအဖွဲ့ဝင် ဦးခွန်ပွင့်နှင့်ဆွေမျိုးများကို ပလောင်မြို့နယ် အာဏာပိုင်
လုပ်ပိုင်ခွင့်ရာထူးများခန့်အပ်ကာ ပလောင်ပြည်သူလူထုများကို ကြံ့ခိုင်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့ဝင်
ပြည်သူစစ်တပ်ဖွဲ့ဝင်များဖြစ်လာစေရန်နှင့် နအဖ တပ်တွင် အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခြင်းများ
စနစ်တကျ ကျူးလွန်ပြု လုပ်လျက်ရှိသည်။
မိုင်းအုဏ်းခိုင်ပြုစုသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် စာအုပ်မှ
ကောက်နုတ်ရေးသားထားသည်။
0 comments:
Post a Comment