“ဟိုဆီုက်ဒါင် အိုက်အေး- အရေးကြီးတဲ့ စာရွက်စာတမ်းတွေ အားလုံး
ကျနော်အိတ်ထဲထည့်လိုက်။ ဒီကျန်တဲ့ဟာထဲက အရေးကြီးမယ်ထင်တဲ့ဟာတွေကို ရဲဘော်လေးတွေ ခွဲသယ်ခိုင်းလိုက်၊
ကျန်တဲ့ သိပ်အရေးမကြီးတာတွေကိုတော့ ကျင်းထဲမြုပ်လိုက်နော်။”
ကျောပိုးအိတ်ကို မ… ကြည့်လိုက်တော့… ဟူး… တော်တော်လေးသွားပြီ။
ဘေးလွယ်အိတ်-သေနတ်-ရေဗူး အားလုံး ၁၅ ပိဿာလောက်ပါပဲ။ ရဲဘော်လေးတွေရဲ့ အိတ်နဲ့နှိုင်းယှဉ်လိုက်ရင်တော့
အပေါ့လေးပါ။
တအာင်းတပ်မတော် လိုချင်တဲ့လူပဲ … ထမ်းစမ်း။
မိုးခြိမ်းသံက တဝုန်းဝုန်း… သင်္ကြန်မိုးဖွဲ့လာတော့မယ်။
ခဏအကြာမှာတော့…. တိမ်တောင်တွေ တဖြေးဖြေးရွေ့လျားကုန်တယ်။
အေပရယ်- နေမင်းက ပြန်ပူပြင်းလာတယ် မနက် (၁၀)နာရီခွဲ။
ဗုန်း…ဝုန်း…ဝုန်း… မိုင်းကွဲသံနဲ့အတူ လက်နက်ကြီးအသံ သုံးချက်
ဆက်တိုက်ကြားလိုက်ရတယ်။
K .I .A ဗျူဟာတာဝန်ခံ ဂျီဝမ်းဆီကနေ ကိုယ့်ဌာနချုပ်တဲဆီကို အသောနင်းပြန်လာခဲ့တယ်။
အားလုံးကတော့ အဆင့်သင့်။ ကျနော်ပီအေ- တပ်ကြပ်ကြီးအိုက်အေးနှင့် လုံခြုံရေးတာဝန်ခံ တပ်ကြပ်ကြီးတာအိုက်စီ
တို့က တာဝန်အတိုင်း တိတိကျကျ။
ကျနော်တို့ ဒီနေရာကိုပြောင်းလာတာ တလကျော်ကျော် ရက်သတ္တပါတ် ခြောက်ပတ်လောက်ပဲ
ရှိအုံးမယ်။
ကျနော်တို့ဆိုတာက K .I .A တပ်ရင်း(၈)နဲ့ ဗျူဟာမှူးအဖွဲ့။
S.S.A မြောက်ပိုင်းရဲ့ မြောက်ပိုင်းတပ်မဟာအဖွဲ့ ပြီးတော့ ကျနော်တို့ T.N .L .A တအာင်းတပ်ဖွဲ့ပါ။
ကျနော်တို့ T.N .L .A တပ်ဖွဲ့ကတော့ ဒီမဟာမိတ်တပ်ဖွဲ့မှာ အင်အားနဲနဲပဲ
လာစုနိုင်ပါတယ်။ လေးဆယ်ကျော်- ငါးဆယ် တပ်ခွဲတစ်ခွဲလောက်ပဲ လာပူးပေါင်းနိုင်ပါတယ်။ ကျန်တာကတော့
ကျနော်တို့ အခြားတအာင်းမြေဆီ စည်းရုံးရေး၊ နယ်မြေထိန်းသိမ်းရေးနှင့် တပ်ဖွဲ့အင်အားတိုးချဲ့ရေးက
ပိုအရေးကြီးတာမို့ အများစုက ရှေ့တန်း- စည်းရုံးရေးနယ်မြေမှာပါ။
ကျနော်တို့တပ်ဖွဲ့ကတော့ ဌာနချုပ်… တအာင်းတပ်ဖွဲ့ရဲ့ ဌာနချုပ်…
ကျောပိုးအိတ်ဌာနချုပ်မှာ အခြားမဟာမိတ်တပ်ဖွဲ့နဲ့အတူ ပူးပေါင်းလှုပ်ရှားရပါတယ်။
ငြိမ်းချမ်းရေးအမြန်တည်ဆောက်ဖို့ ဆိုင်းပြင်းနေတဲ့ သိန်းစိန်အစိုးရနဲ့
ဆန့်ကျင်ဘက်- စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်က မုန်တိုင်းစစ်ဆင်ရေးနဲ့ သူ့တပ်ဖွဲ့အင်အား
(၂၀၀၀)ကို အသေခံပြီး K.I .A ကို တိုက်ဖို့ အမိန့်ဆင့်ပြီးပြီ။ မိုးမကူးမီ- ခြောက်သွေ့ရာသီမှာ
အပြီးတိုက်ဖို့ ရာဇာသံပေးထားပါတယ်။
ဒါကြောင့် ကျနော်တို့ K.I.A ၊ S.S.A နှင့် T.N.L.A တို့ သုံးဖွဲ့စုစည်းရာ
နယ်မြေကိုလည်း အဲဒီ မုန်တိုင်း စစ်ဆင်ရေးထဲ ထည့်သွင်းထားပါတယ်။ ခုတလော၊ မြန်မာစစ်တပ်ဖွဲ့တွေ
ကျနော်တို့နေတဲ့ တောတောင်ဖက်ဆီကို ခြေလှမ်း ခပ်စိတ်စိတ်ဝင်လာကြပါတယ်။
စစ်ကြောင်း (၆)ကြောင်း တက်လာတယ်တဲ့။
နမ္မတူ၊ မန်တုံ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲက တပ်တွေပါ။
(၂၈) ရက်နေ့ မတ်လမှာ ကျနော်တို့ စုဖွဲ့မှုအတွက် လုံခြုံရေးချထားတဲ့
တတိယတောင်ကြောကို တက်လာတော့- လုံခြုံရေးကင်းအဖွဲ့ S.S.A ရဲ့ ကျွဲဂျိုမိုင်းကြောင့်
သုံးဦးသေ၊ (၁၀)ယောက်ကျော် ဒါဏ်ရာရပြီး ပြန်သွားခဲ့ပါတယ်။
(၃၀) ရက်နေ့မှာတော့ နမ့်ဟိုင်း၊ မိုင်းဘော်မှာ အခြေချရောက်ရှိနေတဲ့
အဲဒီမြန်မာစစ်တပ်က ကျနော်တို့ဖက်ကို တက်ဖို့ အမိန့်ပေးတဲ့ စစ်ကြောင်းမှူး ဗိုလ်မှူးနဲ့
သူ့ကိုယ်ရေးအရာရှိကို တာဝန်ပေးခံရတဲ့တပ်ခွဲမှူး ဗိုလ်ကြီးက ဒီတောင်ပေါ်ထပ်တက်ရင် လူတစ်ရာလဲ
ကုန်မှာပဲ၊ နှစ်ရာလဲကုန်မှာပဲ။ ကျနော်ဦးဆောင်ပြီး မတက်နိုင်ဘူး လို့ ပြောတော့ ဒါအမိန့်ဖီဆန်တာပဲဆိုပြီး
စိတ်ဆိုးတဲ့ ဗိုလ်မှူးက သူ့ပစ္စတို သေနတ်ကို စိတ်ဆိုးမာန်ဆိုးနဲ့ ကိုင်ပြီး ထုတ်မယ်လုပ်တုန်း-
လက်မြန်တဲ့ ဗိုလ်ကြီးရဲ့ သေနတ်က မီးတွေပွင့်ပြီး အဲဒီဗိုလ်မှူးနဲ့ သူ့ကိုယ်ရေးအရာရှိ
နှစ်ယောက်လုံး ပွဲချင်းပြီး ဇာတ်သိမ်းသွားပါတယ်။
ကျန်တဲ့ အရာရှိနဲ့ တပ်ဖွဲ့တွေက
အဲဒီဗိုလ်ကြီးကို ဖမ်းဆီးပြီး (ရမခ) တိုင်းဌာနချုပ်ဆီကို အရေးယူဖို့ ပို့လိုက်တယ်လို့
အဲဒီ ဒေသခံရွာတွေက ပြန်ဖောက်သည်ချကြပါတယ်။
ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုအတွက် မင်္ဂလာသတင်းပေါ့။
ဒါပေမဲ့ - အဲဒီနောက် ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့ စစ်ကြောင်းတွေ၊
ကျနော်တို့ဆီကို ဆက်တိုက်ဖို့ တက်လာတော့တာပါပဲ။ ရွာသားနဲ့ ရွာခံပြည်သူ့စစ်တွေကိုတော့
သူတို့ရဲ့ ရှေ့ပြေးအဖြစ်သုံးပြီး ကျနော်တို့ရဲ့ လုံခြုံရေးနယ်မြေထဲကို အတင်းလှုပ်ရှားလာပါတယ်။
ရှေ့ပြေးမိုင်းတွေ တစ်ဂျိမ်း… ဂျိမ်းနဲ့ ခဏ- ခဏကြားရတယ်။
S.S .A နဲ့ K.I .A ရှေးပြေးကင်းတပ်ဖွဲ့တွေနဲ့ စက်နဲ့သတင်းပို့သံတွေကလည်း မိနစ်နဲ့အမျှ
ပုံမှန်ပါ။
ခွေးတပ်- ငါးယောက်ကျ- ခွေးတပ်- သုံးယောက်ကျ ထပ်ထပ်ပေါင်းကြည့်လိုက်တော့
ဆယ်ဂဏန်း။ ဒါဏ်ရာရ စာရင်းတော့ မသိတော့ဘူး။ မရေတွက်နိုင်တော့ဘူး- စစ်ကြောင်းတွေ တပ်ခေါက်လို့
ရွာထဲပြန်ဝင်တဲ့အချိန်၊ တစ်ချို့စစ်ကြောင်းက
သေနတ်အပို သုံးလက်၊ တစ်ချို့က ငါးလက်၊ ထမ်းပြန်လာတယ်။ မျက်နှာကလည်းမကောင်းဘူးလို့
မျက်မြင်ရွာသားတွေက ပြောတယ်။ ကျဆုံးသူရဲ့ လက်နက်ကို ထမ်းပြန်ရတဲ့တပ်သား၊ ဘယ်စိတ်ကောင်းနိုင်မတုန်းနော်။
ဒီလိုနဲ့ ရန်ပြေး- ငါလိုက်၊ ရန်လိုက်- ငါနား၊ ဆိုသလို နားလိုက်-
ပစ်လိုက်နဲ့ လက်နက်ကြီးသံ- မိုင်းဗုံးသံတွေကတော့
နေ့တိုင်းခပ်ကြဲကြဲ၊ ကြားနေရပါတယ်။ လက်နက်ငယ်သံတော့ သိပ်မကြားရဘူး။ မြန်မာစစ်တပ်ကလည်း
ဗိုလ်ချုပ်တွေရဲ့အမိန့်ကို မလွန်ဆန်နိုင်လို့ (ကပစ)လက်နက်ကြီးတွေ လာပြီး ရမ်းပစ်- ပစ်။
ရှေ့ပြေးမိုင်းထိမယ်သိရက်နဲ့ တောတိုး- အလောင်းတွေမြုပ်ပြီး သေနတ်အပို သုံး၊ လေးလက်
ထမ်းပြန်နေရတာပါပဲ။ တာဝန်ကျေ ရှေ့တန်းထွက်၊ တာဝန်ကျေတပ်ဖွဲ့ဝင်အနည်းအကျဉ်း အသေခံ- တာဝန်ကျေ
လက်နက်ကြီးပစ်ပြီး ပြန်ဆုတ်ကြတာပါပဲ။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-
ကြားဖြတ်ရွေးကောက်ပွဲ့ ရာနှုန်းပြည့် နီးပါးနိုင်လို့ အောင်ပွဲခံနေတဲ့ အချိန်မှာပဲ-
ကျနော်တို့ ဌာနချုပ်လည်း ပြောင်းရမဲ့ အခြေအနေဖြစ်လာတယ်။ ဧပြီလ (၅)ရက်နေ့မှာပါ။
ရွာသားနှစ်ယောက်ကို အတင်းဖမ်းဆီးပြီး ချောင်းရိုးတလျှောက်၊ လမ်းပြခိုင်းလို့-
ကျနော်တို့အတွင်းစည်းနဲ့ သိပ်နီးကပ်တာကြောင့် အားလုံး- နာရီဝက်အတွင်း အမြန်ရွေ့ဆိုတဲ့အမိန့်
ထုတ်လိုက်တယ်။
သုံးဖွဲ့စလုံးရဲ့ တာဝန်ရှိလူကြီးနဲ့ အုပ်ချုပ်ရေးအဖွဲ့က ရာဂဏန်းရှိတာမို့
ရန်သူအလစ်အငိုက်မမိဖို့ ကြိုတင်ပြင်ဆင်ရတာပါ။ K.I.A တပ်ရင်း (၈) တပ်ရင်းမှူး ဗိုလ်မှူး
ဇော်လွမ် ကိုယ်တိုင်ကြပ်မတ်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို စိတ်ချပေမဲ့- စစ်ရေးသတိအရ-
အားလုံးလုံခြုံရာကိုရွေ့ဖို့ အမိန့်က မိနစ်ပိုင်းအတွင်း ချမှတ်ပြီး နာရီဝက်အတွင်း ကိုယ့်နေရာကနေ
ဆုတ်ခွာကြရပါတယ်။
နေ့လည် (၁၁း၄၅) နာရီမှာ အားလုံးဆုတ်ခွာလာခဲ့ကြတယ်။ ညနေ (၃)နာရီလောက်မှာ
တောတွင်း၊ ချောင်းရိုးတနေရာမှာ ညနေစာ ချက်စားပြီး လုံခြုံတယ်လို့ ယူဆတဲ့နေရာကို ညနေ
(၅)နာရီလောက်မှာ ရောက်ပါတယ်။ နောက်မှာတော့ လက်နက်ကြီးသံ တစ်ဂျိုမ်းဂျိုမ်းနဲ့ လက်နက်ငယ်သံတွေ
ကြားရတယ်။
ဒါပေမဲ့ မြန်မာစစ်တပ်တွေက ကျနော်တို့ရဲ့ ဌာနချုပ်နေရာကို မဝင်နိုင်ပါဘူး။
လုံခြုံရေးစည်း တတိယနဲ့ ဒုတိယ တောင်ကုန်းတွေဆီလောက်ပဲ၊ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းထုတာပါ။
ကျနော်တို့ မဟာမိတ်တပ်ဖွဲ့၊ စစ်တန်းကြီး- တစ်တောင်တက်၊ တစ်တောင်ဆင်း-
ချောင်းရိုးတွေကျော်ဖြတ်- လယ်၊ တောင်ယာတွေ တစ်စုပြီးတစ်စု ကျော်ဖြတ်ရင်း ညနေ (၄)နာရီခွဲလောက်
တောစပ်အဝင်- ချောင်းရိုးလေးမှာ ကလေးမလေးတစ်ယောက်၊ အနီရောင်လို့ယူဆရတဲ့ဝတ်စုံနဲ့ ချောင်းအလယ်မှာရပ်ပြီး၊
ကျနော်တို့တပ်ဖွဲ့တွေကို လမ်းရှောင်ပေးနေပါတယ်။ သူ့ဝတ်စုံက- သူမျက်နှာလေးလိုပဲ ညစ်နွမ်းနေတာကြောင့်
နီကျင့်ကျင့်ဝတ်စုံနဲ့ ဝါရင့်ပေတူးတဲ့ လွယ်အိတ်- လွယ်အိတ်ထဲမှာက ဍရင်ကောက်ရွက်နု၊ ကဇော့ခါးသီးအချို့နဲ့
စွယ်တော်ဖူးအချို့။
တအာင်း (ပလောင်) သူလေးမို့ တအာင်းဘာသာနဲ့ သူကို နှုတ်ဆက်လိုက်တယ်။
အသက်မေးကြည့်တော့ ကိုးနှစ်တဲ့။ အာဂသတ္တိခဲမလေး၊ မိုးချုပ်တော့မယ်- ခုထိတစ်ယောက်တည်း
တောမြိုင်လယ်မှာ။
အဖေကောလို့မေးတော့ စစ်သားသွားလုပ်တယ်တဲ့။ အင်း- ကချင်တွေ သေနတ်ဖောက်ကတည်းက
ဒီဖက်ရွာသားတွေအားလုံး ပြန်စစ်မှုထမ်း တော်လှန်ရေးလုပ်ရတာမဟုတ်လား။
အမေကောလို့ပြောတော့ စစ်ပွဲတွေစဖြစ်တာ သိပ်မကြာခင်ပဲ၊ သေသွားပြီ-
စစ်ဖြစ်လို့ တောထဲပုန်းရတာ အမေဖျားတယ်တဲ့။ ပြီးတော့ အဖေက T.N.L.A နဲ့လိုက်သွားတယ်လို့
ရှင်းပြရှာတယ်။
အဖော်မပါဘူးလား။ မကြောက်ဘူးလားလို့မေးတော့ သူပြုံးပြတယ်။ အိမ်မှာ
မောင်လေး ကျန်သေးတယ်။ ထမင်းပြန်ချက်ရအုံးမယ်။ အဖော်မရှိဘူးတဲ့။
ဒီလိုနေရာ တောမြိုင်တွင်းမှာ ကျနော်တယောက်တည်း ကိုးနှစ်သမီးငယ်လေးလို
သွားလာရမယ်ဆိုရင်တော့…
တို့အဖွဲ့နဲ့လိုက်မလားလို့မေးတော့ သူပြုံးပြန်တယ်…
မောင်လေးကို ထမင်းချက်ကျွေးရအုံးမယ်လို့ ဖြေရှာတယ်။
သူ့ကိုခေါ်သာ ခေါ်လိုက်ရတာပါ။ ကျနော်တို့အဖွဲ့ကတောထဲမှာပဲ တချိန်လုံးသွားလာ
ရွေ့ပြောင်းနေရတာ ကျောပိုးအိတ်ဌာနချုပ် မဟုတ်လား။
သူကမှ သူ့မောင်လေး၊ သူ့ဆွေမျိုးအချို့နဲ့ အိမ်လို့ခေါ်နိုင်တဲ့နေရာမှာ
နေနိုင်သေးတယ်။
ကျနော်တို့ကတော့ ဆက်လျှောက်…
တော်လှန်ရေးရည်မှန်းချက် ပန်းတိုင်အရောက်ပေါ့….
ဘုန်းကျော်(လက်ဖက်မြေ)
၀၆-၀၄-၂၀၁၂
(သောကြာနေ့)
၂၃း၂၁
နာရီ
0 comments:
Post a Comment