Thursday, 07 November 2013 12:12
Written by အဲာပိုန်
ရှမ်းမြောက်ပိုင်း
ကွတ်ခိုင် မြို့နယ် ရှိ၌ တပ်စွဲ ထားသည့် တအာင်း အမျိုးသား လွတ်မြောက်ရေး
တပ်မတော် TNLA တပ်ရင်း (၁၁၂) ကို အစိုးရ စုပေါင်း တပ်ဖွဲ့ တို့က နိုဝင်ဘာလ
(၇) ရက်နေ့ မွန်းလွဲ (၂) နာရီ အချိန်တွင် လာရောက် တိုက်ခိုက် သဖြင့်
နှစ်ဖက် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားလျက် ရှိကြောင်း TNLA ပြောခွင့်ရ ဒုတိယ
ဗိုလ်မှူးကြီး တာဘုန်းကျော် က ပြောသည်။
“နိုဝင်ဘာလ ၅
ရက်နေ့ကသူတို့ လာတိုက်လို့ ဂျုံးနန်း ရွာမှ ကျနော်တို့ ဆုတ်ခွာ
ပေးလိုက်တယ်။ နောက်ကနေ သူတို့လိုက်တိုက် ပြန်တယ်။ ထပ်ရွေ့ ပေးတယ်
ဟိုမော်ရွာ တောင်ထိပ်မှာ ကျနော်တို့ တပ်စွဲ နေလိုက်တယ်။ ထပ်မရွေ့ ပေးနိုင်
တော့ဘူး။ ဒီနေ့ ခံတိုက် လိုက်တယ်။” ဟု ဆိုသည်။
တအာင်း TNLA
တပ်ရင်း (၁၁၂) တပ်ဖွဲ့အား အစိုးရ၏ ခလရ ၁၂၃၊ ခလရ ၄၅ ၊ ခလရ ၁၄၃ နှင့် ခလရ ၁၄၅
တပ်ဖွဲ့ ပူးပေါင်းကာ ရှမ်းမြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ဟိုမော်ကျေးရွာ
တောင်ထိပ်၌ တိုက်ခိုက် နေခြင်းလည်း ဖြစ်သည်။
အောက်တိုဘာ (၅)
ရက်နေ့ တွင်လည်း ပလောင် တပ်ရင်း ၁၁၂ နှင့်ပင် ၄င်းအစိုးရ တပ်တို့ အကြား
ဂျုံးနန်းရွာ အနီးတွင် နှစ်နာရီကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြပြီး ပလောင်
အဖွဲ့မှ ထောင်ထားသည့် မိုင်းနင်းမိ၍ အစိုးရ တပ်ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိ
ခဲ့မှု ရှိခဲ့သည်။ ထို့အတူလည်း အစိုးရ ဘက်မှ ပစ်လိုက်သည့် လက်နက်
ကြီးကြောင့် ပလောင် တပ်ဖွဲ့မှ နှစ်ဦး ဒဏ်ရာ ရရှိ ခဲ့ပါသည်။
ယနေ့
ဖြစ်ပွားသည့် တိုက်ပွဲ ကိစ္စနှင့် စပ်လျဉ်း၍ ပလောင် အမျိုးသမီး အစည်းအရုံး
(PWO) နှင့် တအာင်း ကျောင်းသားနှင့် လူငယ် အစည်းအရုံး တို့ထံ ဆက်သွယ်
မေးမြန်း ခဲ့သော်လည်း တိုက်ပွဲဖြစ်သည်ဟု အတည်ပြုချက်မှ အပ အခြား အသေးစိတ်
အချက် အလက်များအား ၄င်းတို့မှ မပြောကြား နိုင်ခဲ့ပေ။
ထို့အတူ
ရှမ်းပြည်နယ် နယ်စပ် ကာကွယ်ရေးနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး
အောင်သူအား ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ပြန်လည် ဖြေကြား ခဲ့ခြင်း မရှိ
ခဲ့ပေ။
ပလောင်နှင့် အစိုးရ တို့သည် နှစ်ဖက် အပစ်ရပ် လက်မှတ်
ရေးထိုးရန် အတွက် အောက်တိုဘာလ (၁၄) ရက်က အစိုးရ ကိုယ်စားလှယ် များနှင့်
ပလောင် ခေါင်းဆောင် တို့၏ အကြို ညှိနှိုင်း ပွဲကို တရုတ် နိုင်ငံ ရွှေလီ
မြို့တွင် ကျင်းပ ပြီးနောက် တအာင်း TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့
ရင်ဆိုင် တိုက်ပွဲ (၁၀) ကြိမ်ခန့် ဖြစ်ပွား ခဲ့ပြီး ဖြစ်ကြောင်း ဒု
ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။
တွေ့ဆုံပွဲ အတွင်း၌တအာင်း TNLA ဘက်က နှစ်ဖက် တိုက်ပွဲ လျှော့ချရေး အတွက် အစိုးရ ကိုယ်စားလှယ်ထံ တင်ပြ တောင်းဆို ထားခဲ့သည်။
တအာင်း TNLA သည်ပြီးခဲ့သည့် အောက်တိုဘာလ (၃၀) ရက်နေ့မှ နိုဝင်ဘာလ (၂)
ရက်နေ့ အထိ ကချင်ပြည်နယ် ကချင် KIA ဗဟိုဌာနချုပ် လိုင်ဇာ မြို့တွင်
ကျင်းပသည့် လက်နက်ကိုင် တိုင်းရင်းသား စုပေါင်း အဖွဲ့တွေ့ဆုံ ပွဲကို
တက်ရောက် ခဲ့ပြီး လိုင်ဇာ သဘော တူညီချက် (၁၁) ချက်ကိုလည်း သဘောတူ
လက်မှတ်ရေးထိုးခဲ့သည့် အဖွဲ့ ဖြစ်သည်။
၎င်းအပြင် ယခု လဆန်း၌
မြစ်ကြီးနား မြို့တွင်း၌ ကျင်းပပြီ့စီး ခဲ့သည့် အစိုးရ၏ ကိုယ်စားလှယ်
များနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်း များတို့ တွေ့ဆုံပွဲ
ကိုလည်း တက်ရောက် ခဲ့ပြီးအစိုးရ ဘက်က တင်ပြသည် လမ်းပြ မူ (၃) ချက်ကို လက်ခံ
သဘောတူ ခဲ့သည့် အဖွဲ့ဖြစ်လည်း ဖြစ်ပါသည်။
တအာင်း TNLA သည်၂၀၁၂
ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
လုပ်ငန်း ကော်မတီအဖွဲ့နှင့် ထိုင်းနိုင်ငံ တွင်း၌ အလွတ်သဘော တွေ့ဆုံ
ခဲ့ပြီး၊၂၀၁၃ ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ရှမ်းပြည် မြောက်ပိုင်း
မူဆယ်မြို့တွင် တရားဝင် တွေ့ဆုံခဲ့သည်။ ယခုလ အတွင်းတွင်လည်း ထပ်မံ တွေ့ဆုံ
နိုင်ကြရန် ချိန်းဆို ထားပြီး ဖြစ်ပါသည်။
ပလောင်ပြည်
လွတ်မြောက်ရေး တပ်ဦးဟု ခေါ်ဆိုသော PSLF သည်၁၉၉၁ ခုနှစ်တွင် ပလောင်ပြည်
လွတ်မြောက်ရေး တပ်ဖွဲ့ (PSLA) နှင့်အစိုးရတို့အပစ်အခတ် ရပ်စဲပြီး
နောက်ပိုင်းမှ ပေါ်ပေါက် လာသော အဖွဲ့ ဖြစ်ပါသည်။ PSLF ခေါင်းဆောင် များသည်
PSLA အပစ် အခတ် ရပ်စဲခြင်းကို လက်မခံ ကြသဖြင့်၁၉၉၃ ခုနှစ်တွင် ပလောင်ပြည်
လွတ်မြောက်ရေး တပ်ဦး (PSLF) ကို ပြန်လည် ထူထောင် ခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့အတူ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ် (TNLA) ကိုလည်း ၂၀၀၅
ခုနှစ်တွင် PSLA တို့က အစိုးရထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်
ခဲ့ကြရာက ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ကြပါသည်။
Source-http://phophtawnews.org/burmese/index.php/news/internal-news/item/853-2013-11-07-12-13-52.html
Saturday, November 16, 2013
ပလောင် တပ်ရင်း ၁၁၂ နှင့် အစိုးရ တပ်တို့ ဆက်လက် တိုက်ပွဲ ဖြစ်နေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment