ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အစိုးရ စစ်တပ်နှင့် ပလောင်လက်နက်ကိုင် တပ်ဖွဲ့တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား နေကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(T.N.L.A) ကဆိုသည်။
ဇူလိုင်လ ၃၁ ရက် ပထမဆုံး ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် တိုက်ပွဲ ၅ကြိမ် အထိ ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲများသည် အစိုးရစစ်တပ် ၏ထိုးစစ်ဆင်တိုက်ခိုက်မှု များဖြစ်ကြောင်း T.N.L.A မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်ကြီး မိုင်အောင်ကို က မြန်မာပို့စ် ဂလိုဘယ် သို့ပြောသည်။
“ ကျွန်တော်တို့ လှုပ်ရှားတဲ့ နယ်မြေတွေကို အစိုးရ စစ်တပ်တွေက လိုက်ပြီး ထိုးစစ်တွေဆင်လို့ ထိတွေ့မှုတွေ ဖြစ်ပွားရတာပါ” ဟု ဗိုလ်ကြီး မိုင်အောင်ကို ကပြောသည်။
ယခုလ ၂ ရက်နေ့တွင် ကျောက်မဲမြို့နယ် ပါလိုင် ကျေးရွာ အနီး၌ T.N.L.A တပ်ရင်း ၂၅၆ တပ်ခွဲ နှင့် နမ့်လန် အခြေစိုက် ခမရတပ်ရင်း ၁၇ တို့ မိနစ် ၃၀ အကြာတိုက်ပွဲ ဖြစ်ပွားခဲ့ ပြီး ငြိမ်းချမ်းရေး ဆွေးနွေး ပွဲအပြီး ၅ ကြိမ်မြောက် ဖြစ်ပွား ခြင်းဟု T.N.L.A က အတည်ပြု သည်။
အဆိုပါ တိုက်ပွဲတွင် အစိုးရစစ်တပ်မှ ပါလိုင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၁၀ကြိမ် ပစ်ခတ်ခြင်း ကြောင့် ဒေသခံရွာသား ဦးစံမတ် ၏ ၀မ်းဗိုက်တွင် လက်နက်ကြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွား၍ ကျောက်မဲမြို့ ဆေးရုံ သို့ ပို့ဆောင်သွားသော်လည်း လက်ရှိအခြေအနေအား ဆက်လက် စုံစမ်းဆဲ ဖြစ်ကြောင်း T.N.L.A ကဆိုသည်။
T.N.L.A တပ်ဖွဲ့ အနေဖြင့် မိမိတို့ လှုပ်ရှားနယ်မြေများတွင် နိုင်ငံရေးတွေ့ဆုံပွဲအခြေအနေများ၊မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းစဉ်များအတွက် ဒေသခံပြည်သူလူထုအားရှင်းလင်းတင်ပြ အကြံပြုချက်ရယူသော လူထုစည်းရုံးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အစိုးရစစ်တပ်ဘက်မှ လိုက်လံတိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲများဖြစ်ပွားရကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး P.S.L.F/ T.N.L.A မှ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ပြောသည်။
“နောက်ထပ် ဆွေးနွေးပွဲဖြစ်ဖို့ဆိုတာဦးအောင်မင်းတို့လုပ်ငန်းကော်မတီအပေါ်အများကြီးမူတည်ပါလိမ့်မယ်။ အထက်ကညွန်ကြားမှုရှိလို့ အောက်ခြေမြန်မာတပ်ဖွဲ့တွေကကျနော်တို့တပ်နဲ့ တိုက်ပွဲဖြစ်ရတာပါ။
ဒါကြောင့် တိုက်ပွဲဖြစ်ပွားနေတာကိုဦးအောင်မင်းတို့လိုအထက်တာဝန်ရှိသူတွေကဘာမှ စုံစမ်းမေးမြန်း တာဖြေရှင်းဖိုကြိုးပမ်းတာမရှိဘူးဆိုရင်တော့ နောက်ထပ်ငြိမ်းချမ်းရေးတွေ့ဆုံဖို့ ထပ်ကြာအုံးမယ်။ အဖြေရှာနိုင်ဖို့ ယုံကြည်မှုတည်ဆောက်ဖို့ အဆင့်တွေထပ်ထပ်များလာလိမ့်မယ်လို့ ထင်ပါတယ်” ဟု ၄င်း ကသုံးသပ်ပြောဆိုသည်။
Credit to United Media Group
0 comments:
Post a Comment