နေထက်ဝေ/ ရန်ကုန် သြဂုတ် ၈
ယခုနှစ် ဇူလိုင် ၃၁ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့နယ်ရှိရွှေလီရတနာခန်းမတွင် ပြည်ထောင် စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ နှင့်အပစ်အခတ်ရပ်စဲရေးဆွေးနွေးခဲ့ သည့် ပလောင် အမျိုသားလွတ်မြောက်ရေးတပ်မတော်(တအာင်း-TNLA) အထွေထွေအတွင်းရေးမှူးဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်ကို ငြိမ်းချမ်းရေး ဆွေးနွေးရခြင်း၊တိုက်ပွဲများဖြစ်ပွားခြင်း၊နိုင်ငံရေးပြုပြင်ပြောင်းလဲမှူများ အပေါ်
၎င်းတို့သဘောထားကို ပြည်သူလူထုသိရှိနိုင်စေရန် ပြည်ထောင်စုနေ့စဉ်က TNLA
တပ်ဖွဲ့ ၀င်များရောက်ရှိနေသောရှမ်းပြည်နယ်(မြောက်ပိုင်း)မန်တုံမြို့နယ်ဆယ်လိန်းကျေးရွာသို့သွားရောက်
တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(TNLA)အနေနဲ့ လက်ရှိဒီမိုကရေစီဖော်ဆောင်နေတဲ့အစိုးရအပေါ် ဘယ်လိုသဘောထားအမြင်ရှိတယ်ဆို သိလိုပါတယ်။
ဖြေ-တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအနေနဲ့ရော၊ တိုင်းရင်းသားတွေ
သဘောထားအရရော အခုသမ္မတဦးသိန်းစိန် အရင်က စစ်အုပ်ချုပ်ရေး ဆိုတာကို
ဖယ်ခွာပြီး ဒီမိုကရေစီပြောင်းလာတာကို ကျတော်တို့ ကြိုဆိုတယ်။
ကြိုဆိုရုံနဲ့တော့ မပြီးဖူး၊ တကယ့်လူထုတွေ လိုချင်တဲ့ ဒီမိုကရေစီ
အပြောင်း အလဲ နိုင်ငံရေးအပြောင်းအလဲ လုပ်ဖို့လိုတယ်။အခု
နှစ်နှစ်ကျော်ကျော်လောက်ရှိပြီဖြစ်တဲ့
ပြုပြင်ပြောင်းလဲ မှုတွေကို ကျတော်တို့ တော်တော် အားမရသေးဖူး။
ပြောင်းလဲတဲ့ ခြေလှမ်းကို ကြိုဆိုပါတယ်။ အသိအမှတ်ပြုပါတယ်၊ဒီထက်ပိုပြီးလူထုဆန္ဒတွေ၊တိုင်းရင်းသားတွေရဲ့ဆန္ဒတွေကိုရှာဖွေဆန်းစစ်ပြီးတော့
ပြုပြင်ပြောင်းလဲဖို့လိုမယ်။ဒါဆိုကျတော်တို့ နိုင်ငံအတွက်လည်း
ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်တဲ့ အစိုးရဖြစ်လာမယ်လို့ ပြောချင်ပါတယ်။
မေး-တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် ပါဝင် လာရင်
တိုင်းရင်းတွေက ကြိုဆိုကြမှာလား။ ပါဝင်စေချင်သလားဆိုတာ TNLA ရဲ့သဘောထားကို
သိလိုပါတယ်။
ဖြေ-ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးလောကထဲကို
စ၀င်လာတဲ့ ၈၈ အရေးခင်းကတည်းက ဒီကနေ့အထိ စဉ်းစားတွေးခေါ်မှု(Ideology) ၊
မြန်မာနိုင်ငံရေးအပေါ် ရှုမြင်တဲ့အမြင်၊တိုင်းရင်းသားတွေအပေါ် ထားတဲ့ သဘောထားတွေကို
ကြိုဆိုတယ်။ လက်ခံထားပြီးသားလည်း ဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့
သမီး လည်းဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြသနာတွေကို ဖြေရှင်းနိုင်တဲ့နည်းလမ်းတွေရှာဖွေနိုင်မှာပါ။ ဒေါ်အောင် ဆန်းစုကြည်သာ
ပြုပြင်ပြောင်းလဲမှုတွေ၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုမှာသာ တကယ်ပါလာမယ်။ လုပ်ပိုင်ခွင့် လည်း တကယ်ရှိလာမယ်ဆိုရင် တကယ့်အားကောင်းတဲ့ ပူးပေါင်းဆောင်ရွတ်မှုဖြစ်တယ်လို့ ကျနော်ပြောချင်ပါတယ်။
မေး-မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုအဖွဲ့အစည်းတော်တော်များများက အပစ်အခတ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ်။
ဒါပေမယ့် လက်တွေ့မှာ အောက်ခြေမှာ တိုက်ပွဲတွေပြန်ဖြစ်တယ်။တချို့အဖွဲ့အစည်းတွေကဒီလိုတိုက်ပွဲတွေ ပြန်ဖြစ်တယ်ဆိုတာ ဆွေးနွေးပွဲမှာ
ကောင်းမွန်တဲ့ ပွင်းလင်းမြင်သာမှု မရှိလို့ဖြစ်တယ်ဆိုပြီး သုံးသပ်ကြတယ်။
TNLA အနေနဲ့ရော အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုအပေါ် ဘယ်လိုသုံးသပ်ချင်ပါသလဲ။
ဖြေ-တကယ်စစ်မှန်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု နည်းလမ်းနဲ့ တကယ်စနိုင်ပြီး တိုင်းရင်းသား လူမျိုးတွေအားလုံးနဲ့
နိုင်ငံတော်အစိုးရ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုတွေ ရှိလာပြီဆိုရင်
တစ်ဖက်နဲ့ တစ်ဖက် အပစ်အခတ်ရပ်စဲရေးတွေ၊ လက်နက်ကိုင် ပြန်တိုက်တာမျိုးတွေ
တဖြည်းဖြည်း လျော့သွားမယ်လို့ ထင်ပါတယ်။ ဒီလိုလမ်းစတွေ မပွင့်ပဲနဲ့တော့
လက်မှတ်ထိုးမယ်။ မကြာဖူး တိုက်ပွဲသံတွေ ပြန်ကြားရမယ်။ တစ်နှစ်လုံးမှာမှ
တစ်ကြိမ် နှစ်ကြိမ် ဖြစ်တယ်ဆိုရင် ထိန်းညှိလို့ရတယ်။ SSPP တပ်ဖွဲ့လိုမျိုး
အပစ်အခတ် ရပ်စဲရေးတွေ လက်မှတ်ထိုးပြီးပြီ။ ဒါပေမယ့် တိုက်ပွဲတွေဖြစ်တဲ့
အကြိမ်အရေအတွက်က လက်မှတ်မထိုးတဲ့ အတိုင်းပဲ။ အကြိမ်ရေတော်တော်များများတယ်၊
မဖြစ်သင့်ဖူး ဒါဘာကြောင့်းဖြစ်လဲဆိုရင် တဖက်ဘက်က ရိုးသားမှုမရှိလို့။
ရိုးသားမှုမရှိဖူးဆိုရင်တော့စစ်မှန်တဲ့ငြိမ်းချမ်းရေးလမ်းကိုသွားဖို့အဟန့်အတားဖြစ်လိမ့်မယ်။ ဒီပြဿနာတွေကို တကယ်ဖြေရှင်းဖို့ ဆိုရင်
ငြိမ်းချမ်းရေးကို ဦးဆောင်တဲ့ ကော်မတီတွေက သေသေချာချာ အလုပ်လုပ်ဖို့
လိုပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ ဒီအစိုးရလက်ထက်မှာ
မြန်မာပြည်က စစ်ဘေးဒဏ်သင့်နေပြီ။ ပြုပြင်ပြောင်းလဲရေးတကယ့်လုပ်ချင်တယ်ဆိုရင်တော့
ဒီထက်ပိုပြီး ရိုးသားဖို့လို မယ်၊ ယုံကြည်မှုတွေ ပြသဖို့လိုတယ်လို့
ကျတော်ထင်တယ်။ အပစ်အခတ်ရပ်စဲရေးလက်မှတ်တောင် ထိုးစရာမလိုဖူး။ သေနာတ်သံတွေတိတ်သွားမယ်။ နိုင်ငံရေးပြဿနာကိုတွေကို ပြေလည်မယ့်ခြေလှမ်း တွေကို
ခိုင်ခိုင်မာမာ စနိုင်မှာပါ။
မေး-ငြိမ်းချမ်းရေးလက်မှတ်ထိုးပေးမယ့် တိုက်ပွဲတွေ ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်တွေက ဘယ်လို မျိုးတွေဖြစ်နေသလဲ ခင်ဗျ။
ဖြေ-စစ်အင်အားတွေ တိုးတယ်။ အရေးကြီးတဲ့ တပ်စခန်းတွေတိုးချဲံတယ်။
တစ်ဖက်ဘက်က မရိုးသားပဲ အရေးကြီးတဲ့ တောင်ကုန်းတွေကိုမသမာတဲ့နည်းလမ်းနဲ့
နေရာယူတယ်။တည်ဆောက်တယ်။ ငြိမ်းချမ်းရေး ယူပြီဆိုရင်တော့ဒီလိုကိစ္စတွေမရှိသင့်တော့ဘူးလို့ထင်တယ်။အနိမ့်ဆုံးကျတော်တို့လိုချင်တာကတော့
ငြိမ်း ချမ်းရေးတကယ့်တည်ဆောက်ကြမယ်ဆိုရင်တော့
အစိုးဘက်က ချထားတဲ့ တပ်တွေကို ပြန်ဆုတ်ပေးပါ။ အဲဒါဆိုရင်တော့ ကျတော်တို့
ယုံကြည်မှု အတော်အားကောင်းသွားပြီ။ အခုက မဆုတ်တဲ့ အပြင်
ကျတော် တို့အရေးကြီးတဲ့ တောင်ကုန်းတွေကို အစိုးရကရိက္ခာပို့မလို့ပါ။ဒီလိုသွားမလို့ပါဆိုပြီးအကြောင်းအမျိုးမျိုးပြပြီး ထပ်ထပ်တိုးလားတယ်။
ဒါကြောင့် ထိတွေ့မှုတွေ များပြီး တိုက်ပွဲတွေဖြစ်တယ်။ တပ်တွေကိုအတတ်နိုင်ဆုံး ရုတ်သိမ်းမယ်။ ထပ်မတိုးဖူးဆိုရင် ကျတော်တို့အတွက်
ယုံကြည်မှုတွေ အားကောင်းစေတယ်လို့မြင်တယ်။
မေး- တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ
ပေါင်းစုထားတဲ့ UNFC ကရော အစိုးရတပ်မတော် အားလုံးနဲ့ ပူးပေါင်းပြီး
ပြည်ထောင်စု တပ်မတော်တစ်ဖုဖြစ်ဖို့ ဆောင်ရွတ်ဆွေးနွေးမှုတွေ ရှိသလား ခင်ဗျ။
ဖြေ-UNFC ကို ၂၀၁၁ ခုနှစ်က စဖွဲ့ကတည်းက ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းဖို့လိုတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့တပ်တစ်ခုတည်းဖြစ်သင့်တယ်။
ကျတော်တို့ တပ်ပိုင်းဆိုင်ရာမှာလဲ တပ်မှူးတွေရဲ့ သဘော တူညီချက်နဲ့
စစ်ဦးစီးချုပ်ဖြစ်သင့်တယ်။ တကယ့် ကျွမ်းကျင်တဲ့ စစ်သားတစ်ယောက်က
စစ်ဦးချုပ် ဆိုတာဖြစ်သင့်တယ်။ ကျတော်တို့ မြန်မာပြည်အနေနဲ့
ဆွေးနွေးစရာတွေတော့ အများကြီးရှိပါမယ်။ အရောင်အသွေးမတူတဲ့ ယုံကြည်မှုတွေ
တစ်ဖက်နဲ့တစ်ဖက် ကင်းမဲ့နေတော့ အခက်ခဲတွေ အများကြီး ရှိနိုင်တယ်။ ကျတော်တို့
လိုချင်တဲ့ ပြည်ထောင်စုတပ်မတော်ဆိုတာက ဥပမာ-အသက်အရွယ်အာဖြင့်
(၆၀)ပြည့်တဲ့သူဟာ ပင်စင်စားရမယ့်အချိန် ပင်စင်အနားယူရမယ်။ ကာကွယ်ရေး
ဦးစီးချုပ်ကလဲ တကယ့်ကာကွယ်ရေးနဲ့သက်ဆိုင်တာပဲလုပ်၊ဒီ့အပြင်အလုပ်မလုပ်နဲ့။ ပြည်ထောင်စုတပ်မတော်ဆိုတာကလဲ တိုင်းရင်းသားတွေအားလုံး
အချိုးကျပါဝင်နိုင်တဲ့ ပုံစံ။ ဦးဆောင်မှုအပိုင်းမှာလဲတပ်မှူးတွေကစတိုင်းမှူးအထိ ဦးဆောင်မှုအပိုင်းမှာ ပါဝင်သင့်တယ်။ စစ်ဦးစီးချုပ်ကတော့
သူများနိုင်ငံတွေမှာ ကျွမ်းကျင်သူကို ဘယ်လို ခန့်သလဲဆိုတာတွေကို လေ့လာရမယ်။
မီဒီယာတွေနဲ့တဲ့ အချိန်မှာသာ အစိုးရတပ်လို့ကျတော်တို့သုံးတယ်။
ကျတော်တို့ အချင်းချင်းတွေ့ရင် ဗမာတပ်လို့ကျတော်တို့သုံးတယ်။တကယ်လို့သာ
ပြည်ထောင်စုစိတ်ဓါတ်နဲ့ သွားကြမယ်ဆိုရင် အခုမြင်တွေ့နေရတဲ့
ဗမာတပ်တွေဆိုတာလဲ ပြည်ထောင်စုစစ်တပ်ပါပဲ။ ကျတော်တို့ တပ်တွေဆိုတာလည်း
ပြည်ထောင်စုတပ်ပဲ။ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း အများကြီးမလိုဘူး။ လိုချင်တဲ့
တပ်မတော်ပြည်ထောင်စုဆိုတာ နိုင်ငံတကာချိန်မှီ ကျစ်ကျစ်လျစ်လျစ်နဲ့
ဆိုရင်တော့ နိုင်ငံအတွက် ဖွံ့ဖြိုးမှု အတော်အကျိုးများပါမယ်။
မေ-တိုက်ပွဲတစ်ပွဲဖြစ်လို့ စစ်သုံးစရိတ်တွေ ဆုံးရှုံးတယ်။ ဒေသဖွံ့ဖြိုးမှုနောက်ကျတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။
ဖြေ- ကျတော်တို့ တိုက်ပွဲတစ်ပွဲဖြစ်တယ်ဆိုရင်
ကုန်ကျစရိတ်တော်တော်များပါတယ်။လက်နက်ကြီးတစ်လုံး ပစ်တယ်ဆိုရင် ၁၀
သိန်းသိန်း ၂၀၊ အမျိုးအစားပေါ်မူတည်ပြိးတော့မှ ၁၂၀ မမ ပစ်လိုက်ရင် သိန်း ၃၀
ရှိတယ်။ တိုက်ပွဲမှာ ဒီလိုလက်နက်ကြီးတွေ ပစ်လိုက်ရင်လည်း အလုံး ၂၀၊ အလုံး
၃၀ ပဲ။ ကျတော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်ကလဲပစ်တယ်၊၁၀လုံးပစ်တယ်ဆိုရင်သိန်း၁၀၀၊သိန်း၂၀၀ပဲ။ နိုင်ငံရေး
မပြေလည်တော့ တစ်ဖက်နဲ့တစ်ဖက်က တိုင်းပြည်သယံဇာတကို
ဖြုန်းတီးတာနဲ့အတူတူပါပဲ။ ကျတော်တို့ဆိုရင်လည်း စစ်စရိတ်အတွက် တောထဲက
အပင်တွေကို ခုတ်ရောင်းရတာရှိတယ်။ အစိုးရ လည်းဒီအတိုင်းပဲ ပြည်သူ့ဘဏ္ဍာကိုထိတာပဲ။တကယ့်လက်တွေ့မှာတော့အညာဒေသကျေးလက်တောတွေမှာလဲ ဖွံ့ဖြိုးမှုကတအားကို နောက်ကျတယ်။ပညာရေး၊ကျမ်းမာရေးကစပြီးတော့ပဲ။ရွာကအကြီးကြီးပဲစာသင်ကျောင်း မရှိဘူး။ စာသင်ကျောင်းရှိပြန်ရင်လည်း ဖရို ဖရဲနဲ့ဆရာ ဆရာမက
မရှိဘူး။ကျန်းမာရေးဆိုလည်းကျတော်တို့ တိုင်းရင်းသားဒေသမှာရမ်းကုတွေများတယ်၊အသက်တွေမဆုံးရှုံးသင့်ပဲဆုံးရှုံးရတယ်။ဒါတွေက
နိုင်ငံအတွက် ဆုံးရှုံးမှုလို့ ကျတော်တို့မြင်တယ်။ တိကျတဲ့
နိုင်ငံရေးဖြေရှင်းမှုတွေ ရှိနိုင်မယ် လက်နက်ကိုင်တပ်ဖွဲ့တွေကို လည်း
နှစ်ဖက်ပြေပြေလည်လည်ညှိနှိုင်းပြီးအကျိုးရှိရှိလုပ်နိုင်မယ်ဆိုရင်
မြန်မာနိုင်ငံအတွက်ကဖွံ့ဖြိုးမှုတွေ မြန်ဆန်နိုင်မယ်လို့ထင်တယ်။
စစ်သုံးစရိတ်တွေက အစိုးရဘက်ရောတိုင်းရင်းသားလက်နက်ကိုင်တွေရောက
ဘဏ္ဍာရေး ဖြုန်းတီးမှု အများကြီးဖြစ်စေပါတယ်။ တိတိကျကျ ကွက်ကွက်ကွင်းကွင်း
မြင်ပါတယ်။ ဒီလိုပဲ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေ ကောင်းကောင်းမရှိဖူး၊
ယုံကြည်မှု မရှိနိုင်သေးဖူးဆိုရင်တော့ ကိုယ့်ကိုယ့်ကိုယ်
ခုံခံကာက်ွတဲ့အနေနဲ့ တိုက်ပွဲတွေဖြစ်ပြီး ဘတ်ဂျတ်တွေ သုံးနေရဦးမှာပဲ။
မေး- စစ်အသုံးစရိတ်တွေ လျော့ချနိုင်ဖို့ နှစ်ဖက်ဘာတွေ လုပ်ဆောင်ရမယ်လို့ ထင်ပါသလဲ။
ဖြေ- လူထုကို တကယ့်ကိုယ်စားပြုတဲ့ လွှတ်တော်က လူထုအသံကို တကယ့်နားထောင်ပြိး
လူထု လိုအပ်ချက်ကို တကယ့်နားလည်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေက
တကယ့်သဘောတူ ဆုံးဖြတ်တဲ့ စစ်အသုံးစရိတ်နဲ့ တိုင်းပြည်စီမံခန့်ခွဲမှု
လုပ်မယ်ဆိုရင်တော့ တကယ့်ကို အကောင်းဆုံးပဲလို့ မြင်တယ်။ ဘယ်နိုင်ငံမဆိုကာကွယ်ရေးအတွက်စစ်အသုံးစရိတ်ကိုတော့သုံးရတာပဲ။တိုင်းပြည်အတွက်ဘယ်လောက်လိုလဲ၊ လူထုအတွက် ဘယ်လိုအသုံးပြုမလဲ။ ကာကွယ်ရေးအတွက်
ဘယ်လိုအသုံးပြုမလဲ ဆိုတာ သေချာတွက် ချက်လုပ် ဆောင်မယ်ဆိုရင် အကောင်းဆုံးပဲ။
မေး-လက်နက်ကိုင် တော်လှန်ရေးလုပ်နေတာကို လူထုက ဘာကြောင့်လဲမေးရင် TNLAအနေနဲ့ ဘယ်လိုဖြေမလဲခင်ဗျ။
ဖြေ-တိုင်းရင်းသားတွေအပါအ၀င် လူထုကိုပြောရမယ်ဆိုရင်တော့ လူတစ်စု ကောင်းစားရေး လုပ်နေ တာတွေ၊ပြုပြင်ပြောင်းလဲရေးလုပ်တယ်ဆိုပေမယ့်လဲ
လူတစ်စု ကောင်းစားရေး၊ ခရိုနီ ကောင်းစားရေး လုပ်နေတာကို ကျတော်တို့
လက်မခံနိုင်ဖူး။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ၊ တကယ့်စစ်မှန်တဲ့
တိုင်းရင်းသားအရေးတွေရဖို့ လက်နက်ကိုင်တော်လှန်ပြီး
ဆန့်ကျင်နေရတာဖြစ်ပါတယ်။
မေး-TNLA အနေနဲ့ရော တိုက်ပွဲတွေ ဘယ်လိုလျော့ဖို့ စဉ်းစားထားပါသလဲ။
ဖြေ-အစိုးရခိုင်ခိုင်မာမာအခြေချထားတဲ့တပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်၊၀င်စီးတာတွေမရှိပါဖူး။ နိုင်ငံရေးအရေး
ဆွေးနွေးတဲ့အခါမှာ နှစ်ဖက်အဟန့််အတား ဖြစ်နိုင်တယ်။ဒါကြောင့် ကျတော်တို့
ထိန်းပါ တယ်။ တိုင်းမှူးတွေနဲ့ အထက်က ညွန်ကြားချက်နဲ့ဆိုပြီး စစ်တပ်တွေ
ကျွံဝင်လာလို့ ဖြစ်လာတဲ့ တိုက်ပွဲက ၆၀ ရာခိုင်နှုန်းလောက်ရှိတယ်။
ကျန်တာကတော့ လမ်းမှာ နှစ်ဖက်ရင်ဆိုင်တွေ့လို့ ဖြစ်ကြတာက ၂၀ ရာခိုင်နှုန်း
TNLAအနေနဲ့ ပြည့်သူ့စစ်တွေရဲ့ မူးယစ်ဆေးဝါးထုတ်လုပ်တဲ့ တပ်စခန်းတွေကို
ဝင်ရောက် ဖျက်ဆီးတဲ့အခါ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ရပါတယ်။ဒီလို
မဖြစ်တော့ဖူး ဆိုရင်တော့ ကျတော်တို့ ဘက်က လျော့ချပြီးသားပါ။
မေး-TNLAအနေနဲ့ လက်ရှိ နိုင်ငံရေးအပြောင်းအလဲမှုတွေအပေါ် ဘယ်လိုဝေဖန်ထောက်ပြချင်တာတွေ ရှိသလဲခင်ဗျ။
ဖြေ-နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ပါတ်သတ်ပြီး ကျတော်ပြောချင်တာကတော့ ပညာတတ်အသိုင်းအ၀ိုင်း ကဖြစ်ဖြစ်၊
အခြေခံ လူထုက ဖြစ်ဖြစ်၊ နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ စိတ်ဝင်စားလို့
ပါဝင်ပါတ်သတ်နေတဲ့ လူတွေပဲဖြစ်ဖြစ်။ ဒီလူထုက မြန်မာပြည်ဟာ ဘာဖြစ်လို့
ဒီလောက်အထိ နိမ့်ကျနေတာလဲ။ မဖြေရှင်းနိုင်တာလဲဆိုတာတွေကိုလက်အစိုးရတွေကို ဝေဖန်ထောက်ပြသင့်တယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲ မှုတွေမှာ အကုန်လုံး ပါဝင်ပူးပေါင်းသင့်တယ်။ ဒီလိုပဲ အကြာကြီားပြည်တွင်းစစ်ကြားထဲမှာ
သံသရာလည် မယ်ဆိုရင် ကျတော်တို့ နိုင်ငံအတွက် အများကြီးနစ်နာပါတယ်။
သတင်းမီဒီယာတွေလဲ အကုန်လုံး ပါဝင်ဖို့ လိုတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း ဘာကြောင့်ဒီိလိုတိုက်နေရသလဲဆိုတာကို လွပ်လွပ် လပ်လပ် ပြောဆိုခွင့်ပေးဖို့ လိုတယ်။ လူထုအနေနဲ့လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ အကြောင်း သိရှိပြီး ပွင့်ပွင့်လင်းလင်း အကြံပြုဖို့ လိုတယ်။ အကုန်လုံး အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြရင် မြန်မာနိုင်ငံရဲ့ ရောဂါဆိုးကြီးက ဘာဘဲဆိုတာ သေချာတွေ့ရှိရင် ဆေးမြီးတိုမဟုတ်ဘဲ အမြစ်ပြတ်အောင် ကုနိုင်မယ်လို့ မြင်တယ်။
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,
ပြည်ထောင်စုနေ့စဉ် သတင်းစာ အတွဲ ၁၊အမှတ် ၁၂၄ (၈.၈.၂၀၁၃)ထုတ် သတင်းစာမှ- သတင်းထောက်နေထက်ဝေ မေးမြန်းတင်ဆက်ထားသည့် အင်းတာဗျူးသတင်း
Credit- Nay Htet Wai's Facebook
0 comments:
Post a Comment