Created on Sunday, 11 August 2013 22:43
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ပလောင် လွတ်မြောက်ရေးတပ်ဦး/ တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို PSLF/TNLA ဘက်မှ အပစ်အခတ် ရပ်စဲရန် ပြင်ဆင်ပြီးပါက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ နမ့်စမ်မြို့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် PSLF/TNLA တို့အကြား ပထမဆုံးအကြိမ် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှုကို ဇူလိုင်၃၁ ရက်က ရှမ်းပြည်မြောက်ပိုင်းရှိ မူဆယ်မြို့တွင် ပြုလုပ်ခဲ့ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန်အတွက် ထပ်မံဆွေးနွေးရန် သဘောတူညီမှု ရရှိခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''ပလောင်လူမျိုးတွေနဲ့က ကျွန်တော်တို့ ၃၁ ရက်က မူဆယ်မှာ သွားပြီး အစည်းအဝေး လုပ်ခဲ့ပါတယ်။ သူတို့နဲ့ ကျွန်တော်တို့ အသေးစိတ် ညှိနှိုင်းပြီး ဖြစ်ပါတယ်။ အခုနောက်တစ်ခါ လုပ်မယ့် အစည်းအဝေးကို ပလောင်ရဲ့မြို့တော် နမ့်စမ်မှာလုပ် မှာ ဖြစ်ပါ တယ်။ အဲဒီမှာ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့အခါမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါအောင် ကျွန်တော်တို့ ကြိုးစားဆောင်ရွက် နေပါတယ်'' ဟု သြဂုတ် ၇ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် ရှစ်လေးလုံး ငွေရတု၏ ''အပစ်အခတ်ရပ်စဲရေး၊တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ဆောင်ရေး'' ဆွေးနွေးပွဲတွင် ပြောကြားသည်။
အစိုးရနှင့် PSLF/TNLA တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ်မည့် ရက်စွဲနှင့် ပတ်သက်၍ Myanmar Peace Center မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွေက ''ဦးအောင်မင်းဘက်ကတော့ ပလောင်အဖွဲ့ကို သူပြောတာကတော့ သူတို့ဘက်က အမြဲတမ်း စောင့်နေမယ်။ ပလောင်အဖွဲ့က အပစ်အခတ် ရပ်စဲတာ ပြင်ဆင်တာ ပြီးရင်တော့ လေးငါးရက်အတွင်း ကြိုပြောပါ။ သူလာပြီးတော့ အပစ်အခတ် ရပ်စဲနိုင်ဖို့ ဆွေးနွေးပြီး လက်မှတ်ထိုးမယ်လို့ ပြောတယ်။ ဟိုဘက်က အကြောင်းပြန်ရင် ဖြစ်နိုင်တာပေါ့။ သူတို့ဘက်ကလည်း ပြင်ဆင်နေတယ်လို့ပဲ မှတ်ယူရမှာပါ'' ဟု ပြောကြားသည်။
အစိုးရတပ်မတော်နှင့် PSLF/TNLA တပ်များအကြား ယခုနှစ်ဇွန်နှင့် ဇူလိုင်လများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားပြီး နောက်ပိုင်းတွင် ဇူလိုင် ၃၁ ရက်က ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပြီး အပစ်အခတ် ရပ်စဲရေး လုပ်နိုင်ရေး ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ရန် ဆောင်ရွက်လျက်ရှိသည်။
အစိုးရတပ်နှင့် PSLF/TNLA တပ်တို့အကြား ယခုနှစ်ဇွန်နှင့် ဇူလိုင်လအတွင်း တိုက်ပွဲပေါင်း ၃၀ ၀န်းကျင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် PSLF/TNLA တပ်၌ အင်အား ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။
Credit- EMG မီဒီယာ
0 comments:
Post a Comment