Wednesday, August 14, 2013

တအောင်းတပ်နှင့် အစိုးရတပ်တို့ တိုက်ပွဲ ပြန်လည်ဖြစ်ပွား

ဓါတ်ပုံ--တိုက်ပွဲဖြစ်ပွားရာ ကျာက်မဲမြို့နယ်ခွဲ မိုင်းငေါ့မြို ကွမ်းစလန်းရွာမှ TNLA ၏ ဒေသအတွင်းမူးယစ်ဆေးဝါး ပပျောက်ရေး သတိပေးဆိုင်းပုဒ် (Maisaw Panar)

 ဖနိဒါ |Mizzima ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၁၄ ရက် ၂၀၁၃ ခုနှစ်

ပလောင်(တအောင်း)ပြည် လွတ်မြောက်ရေးတပ်ဦး၏ TNLA နှင့် အစိုးရတပ် တို့ ရှမ်းပြည်နယ်ကျောက်မဲ ခရိုင် မိုင်းငေါ့ မြို့နယ်ခွဲအတွင်း သြဂုတ်လ ၁၂ ရက်က နာရီဝက်ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLA အတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောသည်။

TNLA သည် ဇူလိုင်လ ၃၁ ရက်က ပြည်ထောင်စု ငြိမ်းချမ်ရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့ပြီးတိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ဘဲသြဂုတ်လ၁၂ရက် ပထမဆုံးရင်ဆိုင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မိုင်းငေါ့မြို့နယ်ခွဲတွင် အခြေချလှုပ်ရှားနေသော T.N.L.A 717 တပ်ရင်းမှူး ဗိုလ်ကြီးတာအိုမ်တမောဝ်၏ အဖွဲ့က မိုင်းငေါ့မြို့နယ်ရှိကျေးရွာပြည်သူများကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေး စီမံကိန်းအတွက် စည်းရုံး ဟောပြော၍အပြန် ကွန်စလံကျေးရွာအထွက်တွင် အစိုးရ၏ နမ့်လန်းအခြေစိုက် မြန်မာစစ်တပ် ခမရတပ် ရင်း ၁၇ နှင့် နာရီဝက်ခန့်ကြာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဟု မိုင်းဘုန်းကျော်က ပြောသည်။

“ကျွန်တော်တို့ တပ်ရင်း ၇၁၇ တပ်ရင်းမှူးနဲ့အဖွဲ့က ကွန်စလံရွာကို သွားပြီးတော့ မူးယစ်ဆေးဝါးတိုက် ဖျက်ရေး စည်းရုံးရေး ဟောပြောပွဲ လုပ်တယ်။ အဲဒီကနေ နေ့လယ် ထမင်းစားပြီးအပြန် ရွာကနေထွက်တဲ့ အချိန်မှာ အစိုးရ တပ်ရင်း ၁၇ က နောက်ကနေ လိုက်တိုက်တာ ရွာအပြင် ဘက် လမ်းဆုံရောက်တဲ့အချိန် မှာ သူတို့ဘက်က နှစ်ယောက် ဒဏ်ရာ ရတော့ သူတို့ ပြန်ဆုတ်သွားတယ်”ဟု မဇိ္ဈမကို ပြောသည်။

တိုက်ပွဲအတွင်း အစိုးရဘက်မှနှစ်ဦးဒဏ်ရာရရာ ၎င်းတို့ TNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သူက ဆိုသည်။ အဆိုပါဖြစ်စဉ်ကြောင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနိုင်ရန်အတွက် တိုက်ပွဲများ အရှိန်လျော့သွားပြီးနှစ်ဖက်ယုံကြည်မှုတည်ဆောက်နိုင်မှထပ်မံတွေ့ဆုံ ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း     မိုင်းဘုန်းကျော်က ပြောသည်။

နောက်တကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ် ထိုးနိုင်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက် ရှမ်းပြည်နယ် မူဆယ်မြို့ တွင် နှစ်ဖက်ကိုယ်စားလှယ်များ သဘောတူခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူ များက တိမ်းရှောင်ခြင်းမရှိသော်လည်း တစ်ရက်၊ နှစ်ရက် ကြောက်လန့်၍ လုပ်ငန်းလုပ်ကိုင်ခြင်းမရှိခြင်း စသည့် စိုးရိမ်မှုများ ရှိနေသည်ဟု ဆိုသည်။

အလားတူသြဂုတ်၁၂ရက်တိုက်ပွဲတွင်အစိုးရစစ်တပ်ဘက်မှလက်နက်ကြီးများပစ်ခတ်သဖြင့် ကျေးရွာ သားများ ဘုန်းကြီးကျောင်းတွင် ထွက်ပြေး ခိုလှုံနေရသလို၊ ရွာအတွင်း လက်နက်ကြီးများ ကျရောက်မည်ကို စိုးရိမ်သဖြင့်ဒေသခံရွာသားများ၏ အသက်အိုးအိမ် စိုးရိမ်နေရသည်ဟု ထိုင်းနယ်စပ် အခြေစိုက် တအောင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံးက သြဂုတ် လ ၁၃ ရက်က သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ပွဲအခြေအနေ ဆိုးရွားလာပါက ကွင်းစလန်းကျေးရွာသားများသည် ပန်းလော၊ ပန်လုံ၊ ကျောက်ဖြူ၊ နားဟိုမိန်း စသည့် အနီးအနား ရှိကျေးရွာများ သို့ သွားရောက်ခိုလှုံရန်စီစဉ်ထားသည်ဟု ဖော်ပြထားသည်။

Source-http://www.mizzimaburmese.com/news/inside-burma/13204-2013-08-14-03-44-23.html

0 comments:

Post a Comment