Thursday, August 15, 2013

တိုက်ပွဲများ လျှော့ချနိုင်မှ ထပ်မံတွေ့ဆုံဆွေးနွေးရေး ဖြစ်နိုင်မည် (အင်တာဗျုးသတင်း)

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခက်ရပ်စဲရေး သဘောတူညီချက် ကို လက်မှတ်မရေးထိုးနိုင် ခဲ့ခြင်းနှင့် ပတ်သတ်၍ The Trade Time ဂျာနယ်မှ သစ်နေမိုးကတအာင်းတပ်မှဒုတိယဗိုလ်မှူးကြီးတားဘုန်းကျော်နှင့်တွေ့ဆုံမေးမြန်းခဲ့မှုများကို ရေးသားဖြော်ပ လိုက်ပါသည်။

မေး-အခုလက်ရှိအနေနဲ့ ပြည်နယ်အဆင့် တွေ့ဆုံမှုကိုဝန်ကြီးဦးအောင်မင်းဦးဆောင်တဲ့အစိုးရငြိမ်းချမ်းရေး     ဖော်ဆောင်ရေးအဖွဲ့နဲ့ ဆွေးနွေးကြပြီးအပစ်ရပ်လက်မှတ်မထိုးဖြစ်ခဲ့ကြပေမယ့် နှစ်ဖက်သဘောတူညီမှု တချို့တော့ရှိခဲ့ကြတယ်ပေါ့နော်။ဝန်ကြီးဦးအောင်မင်းဟာ နောက်ထပ်မကြာခင်မှာပဲ ပြန်တွေ့မယ် ပြောသွား တယ် နောက်ထပ်ဆွေးနွေးပွဲထပ်ဖြစ်ဖို့ဆိုရင်ဘယ်အချက်တွေပေါ်မှာ မူတည်မလဲဗျာ့။

ဖြေ- နောက်တစ်ကြိမ်ဖြစ်ဖို့ဆိုတာ နှစ်ဖက်ယုံကြည်မှုတွေ တိုးဖို့လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက်တိုက်ပွဲ ထိတွေ့မှုတွေဘယ်လောက်ထိ လျှော့ချနိုင်မလဲပေါ့ တိုက်ပွဲထိတွေ့မှုတွေ ဖြစ်နေပြီဆိုလည်း နှစ်ဖက် အပြန်အလှန် ယူထားကြ တဲ့ ဆက်သွယ်လို့ရမယ့် နည်းလမ်းတွေကို အသုံးချပြီး ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာပေါ့။ 
တကယ်လို့တိုက်ပွဲအရှိန်လည်း လျော့သွားတစ်ဖက်နဲ့တစ်ဖက်ယုံကြည်ရတဲ့အနေထား ဖြစ်ပြီးဆိုရင် ဆွေးနွေး ဖို့ ဖြစ် နိုင်မှာပါ။ အဓိက ကတော့ အစိုးရတပ်နဲ့ ကျနော်တို့ တပ်နဲ့ အရမ်းနီးကပ်တဲ့ အတွက် တိုက်ပွဲတွေ အချိန်မရွေး ထဖြစ်နိုင်တာပဲ။ ဒါကို အစိုးရဘက် ယုံကြည်မှုရှိလာအောင်ဘယ်လောက်အထိလုပ်ပြနိုင်မလဲ။ တပ်တွေကို မူရင်းနေရာ ပြန်နေပေးမလားလှုပ်ရှားမှုတွေဘယ်လောက်အထိ လျော့ချနိုင် မလဲဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။

မေး-ပြည်နယ်အဆင့် ဆွေးနွေးပွဲမှာ အစိုးရဘက်က သတ်မှတ်ထားတဲ့ အချက်လေးချက်မှာ ဗိုလ်မှူးတို့အနေနဲ့ အခက်ခဲဖြစ်စေတဲ့ အချက်က ဘယ်အချက်လို့ ပြောနိုင်မလဲ။

ဖြေ-ဘာယုံကြည်မှု မရှိဘဲနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ အချက် က တော်တော်ခက်ပါ တယ်။ နောက်ဆက်တွဲ ကျန်တာ ဆက်ဆံရေးရုံးတွေ ဖွင့်တာ လက်နက်မပါပဲ သွားလာနေဖို့ ဆိုတာတွေကတော့အပစ်အခတ်အခက်ခဲဖြစ်ကတည်းက ဆောင်ရွတ်ဖို့ခက်သွားပြီပဲ။ 

 နောက်ဆုံးတစ်ချက် ဖြစ်တဲ့ နောက်တစ်ကြိမ်အစည်းအဝေး တွေ့ဆုံဆွေး နွေးပွဲချက် ဖြစ်နိုင်ရန် ဖန်တီးဖို့ သဘောတူမှုကတော့ ညှိုနှိုင်းရင် ဖြစ်နိုင်မယ့် အနေအထား ရှိပါ တယ်။

မေး-နောက်တစ်ကြိမ် ဆွေးနွေးပွဲ ဖြစ်ခဲ့ရင် ဗိုလ်မှူးတို့ဘက်က ဘယ်လို သဘောတူမှုရမှ လက်မှတ်ထိုးနိုင်မလဲ။

ဖြေ-အဓိကကတော့ ထိတွေ့မှုတွေ တိုက်ပွဲတွေ မဖြစ်တော့ဖူး၊ ကျတော်တို့ တပ်တွေလည်း ပုံမှန်သွားလာနားလို့ရမယ်။အစိုးရနဲ့တိုက်ပွဲတွေမဖြစ်နိုင်တော့ဖူး။ ကျတော်တို့အလုပ် ကျတော်တို့ လုပ်လို့ရမယ်ပေါ့ ကျတော်တို့ အကြား ပြဿနာ ဖြစ်လာပြီဆိုရင် ဆက်သွယ်လို့ရတဲ့ဟာတွေနဲ့ မှန်မှန်ကန်ကန် ဘယ်လောက်အထိ ဆောင်ရွတ်လို့ရမလဲဆိုတာပေါ့။ ညှိနှိုင်းလို့ရတဲ့ အခြေအနေ မျိုး ဖြစ်လာရင်တော့ ကျတော်ထင်တယ် ငြိမ်းချမ်းရေးကို ဦးတည်မယ့် ဆောင်ရွတ်ချက်တွေ မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။

မေး-၀န်ကြီးဦးအောင်မင်းက နောက်တစ်ကြိမ်တွေ့ဆုံမှုကို နမ့်ဆန်မှာ လုပ်မယ်လို့ပြောသွားတယ်၊ တကယ်လို့ လုပ်ဖြစ်မယ် ဆိုရင် ဗိုလ်မှူးတို့အနေနဲ့ ဘယ်လိုနေရာမျိုးကို ရည်ရွယ်ထားသလဲပေါ့။

ဖြေ-နေရာက သိပ်အဓိက ကျမယ် မထင်ပါဖူး ဆွေးနွေးနိုင်ဖို့ကသာ အဓိကကျတယ်၊ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိဖို့က အရေးကြီး ပါတယ်။ နေပြည်တော်ပဲ သွားသွား နမ့်ဆန်ပဲ သွားသွား ဘယ်ကိုပဲ သွားသွား ပြဿနာမရှိဖူးလို့ ကျတော်မြင်ပါတယ်။

မေး-လက်ရှိအပစ်ရပ်ကျန်နေတဲ့အဖွဲ့သုံးဖွဲ့လောက်ပေါ့၊အဲဒီမှာ ကေအိုင်အေကအင်အားကြီးပါပဲ၊အစိုးရဘက်က ပြောကြတာရှိတယ်။ ကေအိုင်အေနဲ့ပြီး ရင်အားလုံး အပစ်ရပ်သဘောတူမှု ရနိုင်ပြီဆိုတဲ့ သဘောသက်ရောက် တာမျိုးပေါ့။ အဲဒီအပေါ် ဗိုလ်မှူးအနေနဲ့ ဘာပြောချင်ပါသလဲ။

ဖြေ-ဒါကတော့ တကယ့်ကို ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ လုပ်ငန်းစဉ် မဟုတ်ဖူး လို့ မြင်ပါ တယ်။ ကေအိုင်အေက သူ့ကချင်လူမျိုး ကို ရပ်တည်ပြီး ကချင်လူမျိုးကို ကာကွယ်တဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။
ABSDF ကကျောင်းသားအခွင့်အရေး ကျောင်းသားတပ်မတော်အနေနဲ့ လုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တယ်။ ဒါပေမယ့် ကျတော်တို့မှာ တူညီတဲ့ ဘုံတူညီ ချက်တွေ ရှိကြပါတယ်၊
ကေအိုင်အေအနေနဲ့ကျတော်တို့အပေါ်မှာ နိုင်ငံရေးအရသော်လည်းကောင်း ဘဏ္ဍာရေးအရသော် လည်းကောင်း ကူညီဆောင်ရွတ်ပေးခဲ့တာတွေ ရှိပါ တယ်။ ဒါပေမယ့် နိုင်ငံရေးဆုံးဖြတ်မှု လွပ်လပ်ခွင့်မှာ အဖွဲ့အစည်းက သူဟာသူရပ်တည်နေကြတာဒီပြဿနာကိုတကယ်ရှင်းမယ်ဆိုရင် ကေအိုင်အေကလက်မှတ်ထိုးလိုက်ရင် ပြီးပြီဆိုတဲ့သဘောမျိုးဟာ ငြိမ်းချမ်း ရေးနဲ့နီးစပ်တဲ့ ယူဆချက်မဟုတ်ဖူးဆိုတာ ပြောချင်ပါတယ်။

မေး-တိုင်းရင်းသားတွေက အခုချိန်မှာ အပစ်ရပ်ယူကြတယ်ပေါ့၊ ဒါပေမယ့် အဲဒီလို အပစ်ရပ်ယူကြပြီး အဖွဲ့တွေမှာ တပ်နေရာချထားရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး ရှုပ်ထွေးနေတာတွေရှိတယ်။ တိုက်ပွဲပြန်ဖြစ်ကြတာတွေ ရှိတယ်။ ဗိုလ်မှူးတို့က အပစ်ရပ်လက်မှတ်ထိုးမယ်ဆိုရင် အဲဒီအတိုင်း ကိုရော ကြိုပြီး ဘယ်လိုဆွေးနွေးသွားမလဲ။ ဗိုလ်မှူးတို့အဖွဲ့က လက်ရှိ မထိုးရသေးဖူး ဆိုတော့။

ဖြေ-နေရာဘယ်လောက်သတ်မှတ်သတ်မှတ် အင်အားကြီးတယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းခံယူနေတဲ့ မြန်မာ့တပ်မတော် တစ်ခုပြီး တစ်ခုတောင်းဆိုမှုတွေပေါ့၊ အပစ်ရပ်စဲရေးကတည်း သဘောတူပြီးပြီ။ ဒါပေမယ့် ဒါလေး လုပ်ချင်လို့ သူတို့ တက်ပြောလာမယ်။ တတ်ပြီးရင် လည်း နေရာကို ပြန်မဆုတ်ဘူး၊ ချထားတဲ့ သတ်မှတ်ထားတဲ့ ကတိ သဘောတူမှုတွေကို မလိုက်လျောဘူးဆိုရင် တိုက်ပွဲတွေက ဆက်ဖြစ်နေ ဦးမှာပဲ။ ခဏခဏပြောနေရတဲ့ ယုံကြည်မှုပေါ့။ ဒီယုံကြည်မှုနဲ့အလုပ် တကယ်လုပ်ကြမယ်ဆိုရင် ပစ်တာခတ်တာတွေကတော့ ရပ်မှာပါ။

မေး-အစိုးရငြိမ်းချမ်းရေးအဖွဲ့နဲ့ဆွေးနွေးခဲ့တုန်းက နှစ်ဖက်သဘောထားတင်းမာမှုလေးတွေဖြစ်ခဲ့တဲ့ အဓိကအချက်တွေက ဘယ်လို အချက်တွေလဲခင်ဗျ။

ဖြေ-ဦးအောင်မင်းတို့ရော ငြိမ်းချမ်းရေးစင်တာမှာ ဆောင်ရွတ်နေတဲ့ ပညာ ရှင်တွေကပါ ကျတော်တို့ကို အပစ်အခက်ရပ်စဲရေး လက်မှတ်ပဲထိုးပြီး အခြား အပိုင်းတွေ ဆောင်ရွတ်ဖို့ ဖိအားပေးတယ်။ ကျတော်တို့ ဘက်ကလည်း ချက်ချင်းမလုပ်နိုင်ပါဖူး။ ကျတော်တို့ကြားမှာ ယုံကြည်မှုတွေ မရှိဘဲနဲ့ မလုပ်နိုင်ဖူးပေါ့၊အဲဒီအချက်ကပထမဆုံး တွေ့ဆုံတဲ့နေရာမှာ တော်တော် ခက်ခဲတဲ့ အခက်ခဲဖြစ်တယ်။

မေး-ယုံကြည်မှုဆိုတဲ့ အပိုင်းမှာ သူတို့ဘက်က ဘာတွေလုပ်ပြဖို့ လိုမလဲ။

ဖြေ-ဘာတွေလုပ်ပြဖို့ လိုလည်းဆိုရင် အခုကျတော်တို့ဒေသဘက်မှာ အစိုးရဘက်က စစ်ရေးတိုးချဲ့လှုပ်ရှားနေရှိတယ်။ တပ်အသစ်တွေ တည်ဆောက်နေတာရှိတယ်။ အဲဒါတွေ ပြန်ဆုတ်ဖို့လိုပါတယ်၊ ထိတွေ့မှုဖြစ်လာပြီဆိုရင် ကျတော် တို့ဘက် ဆက်သွယ်ဆောင်ရွတ်ရမယ့် နည်းလမ်းတွေရှိတယ် တကယ့်ဆက်သွယ်ဆောင်ရွတ်ရမယ့် အချိန်မှာ တကယ့် ဆောင်ရွတ်ပိုင်ခွင့် ဖြေရှင်းနိုင်မယ့် အဖြေတွေ တတ်နိုင်တဲ့ အနေအထားဖြစ်ရင်တော့ ယုံကြည်မှုတွေ တိုးလာနိုင်ပါတယ်။

မေး- နောက်တစ်ကြိမ် ဆွေးနွေးပွဲ ဖြစ်ခဲ့ရင် လေ့လာစောင့်ကြည့်သူအဖြစ် ဘယ်သူတွေကို ဖိတ်ဖို့ စီစဉ်သွားမလဲဗျ။

ဖြေ-လူတွေ စုံစုံတတ်နိုင်ရင်တော့ ပြဿနာ အရင်းမြစ်မှန်ကို ပိုပြီး သိသာနိုင်တော့ အမှန်နဲ့ပိုနီးစပ်မယ်။ အဲဒီတော့ကျတော်မြင်တာကတော့ နောက်တစ်ကြိမ် အစည်းအဝေးတွေ လုပ်တိုင်း ကချင်ပဲဖြစ်ဖြစ် ရှမ်းပဲဖြစ်ဖြစ် ကျတော်တို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေပါ ပါဝင်ခွင့်ရလာရင် သက်သေ အဖြစ် ထိုင်ကြည့်လို့ရလာရင် ပိုပြီးနားလည်လာမယ်၊ ကချင်ရဲ့ နိုင်ငံရေးက ဒီလိုရှမ်းကဒီလိုပေါ့။ အားလုံးကိုကျတော်တို့မသိနိုင်ဖူး။ဒီလိုတွေ ဖြစ်လာ မယ်ဆိုရင် ဗမာပြည်ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာ အဖြေမှန်ပေါ့။ 
ပိုပြီး နီးနီးကပ်ကပ် မြန်မြန်ဆန်ဆန်သွားနိုင်မယ်လို့ မြင်ပါတယ်၊ နောက် တစ်ကြိမ်မှာအခုထက်ပိုပြီးဖိတ်ဖို့ရည်ရွယ်ားပါတယ်။ နိုင်ငံတကာစောင့် ကြည့်လေ့လာသူ ဖိတ်ဖို့ပါ ပြောထားပါတယ်။ ပြီးခဲ့တဲ့ တွေ့ဆုံမှုမှာတော့ မရခဲ့ဖူး။ ကျတော်တို့က သံတမန်တွေလည်း ဖိတ်ချင်တယ်၊ အဓိက ရမယ် မရဖူးဆိုတာကတော့ တွေ့ဆုံဖြစ်မယ်ဆိုရင် ပြန်လည်ညှိနှိုင်းရဦးမှာပါ။

မေး-အားလုံး အချုပ်အရဆိုရင်တော့ နောက်တစ်ကြိမ် တွေ့ဆုံဖို့ဆိုတာ ဗိုလ်မှူးပြောတဲ့ ယုံကြည်မှုပေါ့နော်၊ ယုံကြည်မှု ဆိုတာကလည်း ထိုးစစ်ဆင်မှုတွေ ဘယ်လောက်အထိလျော့ချမယ်၊ တပ်နေရာချထား မှုတွေ ပြန်ဆုတ်ပြီလား အဲဒီအပေါ်မှာ အဓိက မူတည်တယ်လို့ပြောရမှာပေါ့။

ဖြေ-ဟုတ်ပါတယ်၊ အဲဒါတွေပေါ်မှာ မူတည်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ဘယ်လောက်တည်ဆောက်နိုင်ပြီလဲ နောက်တော့ ကျတော်တို့ တပ်ပေါင်း စုဖြစ်တဲ့UNFCနဲ့ဦးအောင်မင်းတို့ ဆွေးနွေးတဲ့ နိုင်ငံရေးဆွေးနွေးပွဲက ဘယ်လောက်အထိ လမ်း ကြောင့်ပွင့်လာပြီလဲ။ ဘယ်လောက်အထိ အာမခံမှုရှိလာပြီလဲ၊ အဲဒါတွေ ချိန်ဆပြီး ဖြစ်လာပြီ ဆိုရင်တော့ နောက်တွေ့ ဆုံမှု မြန်မြန်ဖြစ်မယ်။ အပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးတဲ့ကိစ္စလည်း မဖြစ်နိုင်စရာ အကြောင်းမရှိပါဖူး။ အဲဒါတွေက ပြောင်းလဲ တိုးတတ်မှု မရှိဖူးဆိုရင်တော့ နောက်တစ်ကြိမ် အစည်းအဝေးက အချိန်ချိန်တော်တော် ကြာဦးမယ်လို့ ကျတော်မြင်ပါတယ်။

မေး-နောက်ဆုံးအနေနဲ့ လက်ရှိအစိုးရဘက်က လုပ်နေတဲ့ အပစ်ခတ် ရပ်စဲရေးဆိုတဲ့ သဘောတူညီမှုတွေအပေါ် ဗိုလ်မှူးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ- ကျတော်မြင်တဲ့ အပြင်ကနေမြင်ရတာကို ကြည့်မယ်ဆိုရင်တော့ အရင် တုန်းက ၁၉၉၀-ပြည့်နှစ်နောက်ပိုင်းတုန်းကလုပ်ခဲ့တဲ့အပစ်အခတ်ရပ်စဲရေး ပြန်ကြည့်မယ်ဆိုရင်အခုလက်ရှိဝန်ကြီး ဦးအောင်မင်းတို့နဲ့တိုင်းရင်းသားတွေလုပ်နေတဲ့ အပစ်အခတ်ရပ်စဲရေး ပိုပြီးတိကျတယ်လို့ ကျတော်မြင်တယ်။ စာချုပ်စာတမ်းတွေ သဘောတူညီချက် လက်မှတ်ထိုးထားတဲ့နည်းနည်းပိုပြီး တိကျလာတယ် ပြောင်းလဲတိုးတက်မှု ဖြစ်တယ်။ ဒါကိုတော့ အရှိကို အရှိတိုင်းပြောလို့ရတယ်။ ဒါပေမယ့်တကယ့်ကို နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်တဲ့ ဖြေရှင်းနိုင်မှုနည်းလမ်းအဓိကကတော့အပစ်ရပ်ပြီးရင် နိုင်ငံရေးတွေ့ဆုံ ခွင့် အကုန်ရချင်တယ်။ ဒါက တိုင်းရင်းသားတွေ အကုန်လိုချင်တဲ့ ဆန္ဒပေါ့။ အဲဒီကို ရောက်နိုင်မယ့် နည်းလမ်းကတော့ ရှာဖို့ လိုမယ်လို့ မြင်ပါတယ်။


The Trade Time Journalမှ သတင်းထောက်သစ်နေမိုး မေးမြန်းသည်။

0 comments:

Post a Comment