Wednesday, July 31, 2013
ချင်းမိုင် (မဇ္စျိမ)။ ။ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF) နှင့် အစိုးရတို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် နောက်တကြိမ် ထပ်မံတွေ့ဆုံရေးအတွက် ယနေ့ ဆွေးနွေးခဲ့သည်ဟု နှစ်ဖက် ကိုယ်စားလှယ်များက ပြောသည်။
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ ကိုယ်စားလှယ်များနှင့် PSLF မှ မိုင်းဘုန်းကျော် ဦးဆောင်သော ကိုယ်စားလှယ်များ ယနေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီချိန်ထိ မူဆယ်မြို့ ခရိုင်အုပ်ချုပ်ရေးခန်းမတွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့ အဓိကတော့ နောက်တကြိမ် တွေ့ဆုံ ဆွေးနွေးပွဲ ပြန်လုပ်ကြဖို့။ ကျနော်တို့ တအာင်းဒေသမှာ ပစ်ခတ်နေတဲ့ တိုက်ပွဲတွေ ဘယ်လို အရှိန်လျှော့မလဲ။ နောက်တကြိမ် တွေ့ဆုံပွဲမှာ ပြန်တွေ့တဲ့အချိန် အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးနိုင်တဲ့ အဆင့်ထိ ဘယ်လို လုပ်ဆောင် သွားမလဲ ဆိုတာတွေပဲ ဆွေးနွေးပါတယ်” ဟု မိုင်းဘုန်းကျော် က ပြောသည်။
နှစ်ဖက် သဘောတူညီမှု မထုတ်ပြန်နိုင်သော်လည်း မူအားဖြင့် နောက် တကြိမ် တွေ့ဆုံမှုကို ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် ပြုလုပ်ရန်နှင့် ထိုတွေ့ဆုံမှု တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန်၊ လက်ရှိ ပစ်ခတ်မှု များ လျှော့ချရေး နှစ်ဘက်လုံးမှ ဆောင်ရွက်ရန်နှင့် နှစ်ဖက် တိုက်ရိုက် ဆက်သွယ်နိုင်ရေးတို့ကို သဘောတူညီခဲ့သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ က ပြောသည်။
“အစိုးရဘက်က အပစ်အခတ် ရပ်စဲဖို့ တင်ပြခဲ့ပြီးတော့ တဖက်အဖွဲ့ အစည်း ဘက်ကတော့ ပထမဆုံးအကြိမ်တွေ့တာ ဖြစ်တဲ့အတွက် သူတို့ဘက် က ပြင်ဆင်မှုတွေ ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် နောက်တကြိမ်မှာ ကြိုးစားပေးမယ် ဆိုတဲ့ဟာပဲ ဆွေးနွေးပွဲ ပြီးပါတယ်။ ဆွေးနွေး တာတော့ ကောင်းပါတယ်” ဟု မဇ္စျိမကို ပြောသည်။
PSLF ဘက်မှ ရပ်မိရပ်ဖ ၁၀ ဦး ပါဝင်ရန် တင်ပြခဲ့သော်လည်း ယနေ့ တွေ့ဆုံမှုတွင် ရပ်မိရပ်ဖ ၁၇ ဦးထိ ပါဝင်လာသည်ကို အစိုးရဘက်က လက်ခံခဲ့ပြီး မွန်ပြည်သစ်ပါတီ (MNSP) နှင့် ရှမ်းပြည်တောင်ပိုင်း တပ်မတော် (SSA/RCSS) မှ ကိုယ်စားလှယ်များလည်း လေ့လာသူများအဖြစ် တက်ရောက်ခဲ့သည်ဟု ဦးလှမောင်ရွှေ က ပြောသည်။
ဝန်ကြီး ဦးအောင်မင်း အပါအဝင် ရမခ တိုင်းမှူး၊ ဝန်ကြီး ဦးအုန်းမြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ ပါဝင်ပြီး PSLF ဘက်မှ မိုင်းဘုန်းကျော် အပါအဝင် ကိုယ်စားလှယ် ၉ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
PSLFအနေဖြင့်ယနေ့ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးမှုအပေါ် ကျေနပ်မှု ရှိပြီး ယနေ့ ညနေပိုင်းတွင် PSLF ကိုယ်စားလှယ်များအား အစိုးရ လုံခြုံရေးတပ်မှ လိုက်ပို့ခဲ့သည်ဟု မိုင်းဘုန်းကျော်က ပြောသည်။
“ဒီနေ့ တွေ့ဆုံမှုက အားရကျေနပ်မှု ရှိပါတယ်။ အောင်မြင်တဲ့ ဆွေးနွေးမှု တရပ်လို့ ပြောလို့ ရပါတယ်။ ကျနော်တို့တွေ့ဆုံဆွေးနွေးပွဲမှ
ယခုလ ၂၅ ရက်နေ့ထိ ကွတ်ခိုင်မြိ့နယ်အတွင်း အစိုးရတပ်များနှင့် တအာင်းတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း ယနေ့ထိ တိုက်ပွဲ ထပ်မံဖြစ်ပွားခြင်း မရှိသေးကြောင်း သူက ပြောသည်။
PSLF ကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်အောက်ခံတပ် TNLA ကို ၂၀၀၅ တွင် ဖွဲ့စည်းကာ ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်မြို့နယ်များအတွင်း အခြေချ လှုပ်ရှားလျက်ရှိသည်။
ဖနိဒါ /မဇ္ဈိမ

0 comments:
Post a Comment