Tuesday, May 28, 2013

T.N.L.A တပ်ရင်း ၇၁၇ နှင့်ဖြစ်ပွားသည့် ခူန်ခါတိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ အနဲဆုံး ၅ ဦးထိခိုက်ကျဆုံး

၂၉ ရက်၊ မေလ၊ ၂၀၁၃။
ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ခူန်ခါဒေသအခြေစိုက် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (T.N.L.A) တပ်ရင်း ၇၁၇ နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ တို့ ယနေ့နံနက် ၃ နာရီခန့်မှ မိုးလင်းလုနီးပါးအထိ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားရာ မြန်မာတပ်ဖွဲ့ ၂ ဦးကျဆုံးပြီး အနဲဆုံး ၃ ဦးထိခိုက်ဒါဏ်ရာရရှိသည်ဟု သတင်းရရှိသည်။

တပ်ရင်း ၇၁၇ တပ်ဖွဲ့ဝင်များ နယ်မြေစိုးမိုးရေးအတွက် လှည့်လည်လှုပ်ရှားရာမှ မြန်မာတပ်ဖွဲ့ ခမရ ၅၀၁ စစ်ကြောင်းနှင့် ရင်ဆိုင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခူန်ခါရွာနှင့်အလွန်နီးကပ်သဖြင့် တိုက်ပွဲအရှိန်မြှင့်လာသည့်နောက်ပိုင်း နံက် ၅ နာရီ ခန့်တွင် ခူန်ခါရွာတွင်းအထိ တိုက်ပွဲကူးစက်သွားခဲ့သည်ဟု T.N.L.A တပ်ရင်း ၇၁၇ တပ်ရင်းမှူး ပြောပြချက်အရ သိရှိရပါသည်။

“မိုးမလင်းသေးဘူး သေနတ်သံတွေကြားနေရတယ်။ မကြာပါဘူး မီးပွင့်တွေပါမြင်ရတော့ ရွာထဲထိတိုက်ပွဲဖြစ်ပြီဆိုတာသိတော့ ရွာသားတွေ ရွာပြင်ထွက်ပြေးသူပြေး လွတ်မယ်ထင်တဲ့နေရာ ပုန်းသူပုန်းနဲ့ တကယ့်ပြည်တွင်းစစ်ကြီးပါပဲ။ ရွာသား ၂ ယောက် တော့ ပေါင်နဲ့ လက်မှာ လက်နက်ကျည်ဆ ထိတယ် သိပ်တော့မပြင်းဘူး၊ နှစ်ဘက်လုံးတော့ အနဲနဲ့အများ ထိခိုက်မှုရှိမှာပဲ” ဟု ခူန်ခါရွာသားတဦးကပြောပြပါသည်။

ထိုဒါဏ်ရာရရှိတော့ ဒေသခံပြည်သူ နှစ်ဦးကို ကေအိုင်အေတပ်ဖွဲ့မှ ကချင်ဆေးမှူးက တာဝန်ယူကုသပေးသည်ဟုလည်း ရှင်းပြပါသည်။

တအာင်းပြောက်ကျားတပ်ဖွဲ့မှာ နေရာပြောင်းလှုပ်ရှားသွားပြီးဖြစ်သော်လည်း မြန်မာတပ်ဖွဲ့က ဆက်လက်တပ်ဖြန့်ကာ စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု သိရှိရပါသည်။ ခူန်ခါဒေသတွင် ဆက်သွယ်မှုခက်ခဲသဖြင့် တိုက်ပွဲသတင်းအသေးစိတ် အချက်အလက်ကို စုံစမ်းနေဆဲဖြစ်ပါသည်။

တိုက်ပွဲဖြစ်ပွားရာ ခူန်ခါရွာမှ လမ်းလျှောက်လျှင် ၂ နာရီ-၃ နာရီ ခန့်ကွာဝေးတော့ ကျောက်လုံးကြီး၊ ကွမ်စလမ် ဒေသတို့တွင် RCSS/SSA ရှမ်းတောင်ပိုင်းတပ် တို့ရောက်ရှိအခြေချသည်မှာ တပတ်ခန့်ရှိပြီဖြစ်သော်လည်း မြန်မာတပ်နှင့်ထိပ်တိုက်ရင်ဆိုင် ထိတွေ့ခြင်းမရှိသေးပါ။

ထိုဒေသတွင် SSPP/SSA ရှမ်းမြောက်ပိုင်းတပ်ဖွဲ့၊ တအာင်းတပ်ဖွဲ့နှင့် ကချင်တပ်ဖွဲ့တို့ စုပေါင်းအခြေစိုက်လှုပ်ရှားလျှက်ရှိသည်။



သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

0 comments:

Post a Comment