Tuesday, July 30, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် TNLA တို့ ပြည်နယ်အဆင့် တွေ့ဆုံမှု မူဆယ်မြို့၌ ယနေ့ပြုလုပ်မည်

ဓါတ်ပုံ- PSLF ကိုယ်စားလှယ်အဖွဲ့အား မူဆယ်မြို့မြို့ရှိ ရပ်မိရပ်ဖများ မှ နွေးထွေးစွာ ကြိုဆိုသည့်ပုံEthnic Minority's FB စာမျက်နှာ မှယူသည်။ 
Wednesday, 31 July 2013 01:40

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ပလောင် လွတ်မြောက်ရေးတပ်ဦး/တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တို့ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးမှုကို ယနေ့ (ဇူလိုင် ၃၁)ရက်တွင် ရှမ်းပြည် နယ်မြောက်ပိုင်းမူဆယ်မြို့တွင် ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


အစိုးရတပ်မတော်နှင့် PSLF/TNLA တပ်များအကြား ဇွန်နှင့်ဇူလိုင်လများ၌ တိုက်ပွဲများမကြာခဏ ဖြစ်ပွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။


အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် PSLF/TNLA တို့အကြား ယခင် ကတစ်ကြိမ်မျှ တွေ့ဆုံဖူးခြင်းမရှိသေးဘဲ ယခု မူဆယ်မြို့တွင် ပြုလုပ်မည့် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုသည်ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ ညီမှု မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အပါအ၀င် ကရင် အမျိုးသား အစည်းအရုံး (KNU)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုး တက်ရေးပါတီ (SSPP)၊ "၀" ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) စသည့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ပလောင် တိုင်းရင်းသား အဖွဲ့များမှ ခေါင်းဆောင်များ၊ တအောင်းအမျိုးသမီးနှင့် လူငယ်ခေါင်းဆောင်များ အသိသက်သေအဖြစ် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့်PSLF/TNLAဘက်မှ ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

သတင်းအရင်းအမြစ်-Eleven Media Group



0 comments:

Post a Comment